
ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဥက္ကဋ္ဌနေရာထားပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို စက်တင်ဘာ ၁၈ ရက်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဥက္ကဋ္ဌနေရာထားပြီး စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ စစ်ကောင်စီဥက္ကဋ္ဌအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့နဲ့ ဖွဲ့စည်းခဲ့တာပါ။
“ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို အဂတိနဲ့ အရေးယူဖို့ရှိလို့ ကော်မတီကို အသစ်ဖွဲ့စည်းလိုက်တာ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စစ်ဆေးနေတယ်၊ ဗိုလ်မှူးချုပ် ရန်နောင်စိုးကတော့ အခု စစ်ဘက်ဆိုင်ရာရုံးမှာ စစ်နေတယ်” လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လက ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဥက္ကဋ္ဌ၊ အဖွဲ့ဝင်အဖြစ် စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်၊ စစ်ကောင်စီဥက္ကဋ္ဌအကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ ပါဝင်ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှာ စတင်ဖွဲ့စည်းကတည်းက ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဥက္ကုဋ္ဌအဖြစ် နေရာပေးခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဏရေးဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်း၊ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားတွက်ချက်ရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
ကော်မတီရဲ့ တာဝန်တွေကတော့ နိုင်ငံအတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ လုပ်ငန်းသုံးယာဉ်ယန္တရားတွေနဲ့ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းရာမှာ လိုအပ်တဲ့ နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးတာအပြင် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး လုပ်ငန်းနဲ့ ပြည်တွင်းမှာ ဝယ်ယူလို့မရတဲ့ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို ဝယ်ယူတင်သွင်းရာမှာ လိုအပ်တဲ့ နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုး အပါအဝင် ဗိုလ်ချုပ် ၂ ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ အပါအဝင် ညွှန်ကြားရေးမှူး ၅ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စားသုံးဆီဥက္ကဋ္ဌ ဦးဆန်းလင်း၊ စက်သုံးဆီဥက္ကဋ္ဌ ဦးအေးဝင်းနဲ့ ခရိုနီသူဌေးကြီးတွေဖြစ်တဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဇော်ဝင်း၊ ထူးကုမ္ပဏီမှ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇ၊ DDPC ဥက္ကဋ္ဌ ဦးခင်စိုး၊ ဆီကုန်သည် ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။










