မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စက်တင်ဘာ ၂၀ ရက်က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အထက်ညောင်ကုန်းရွာက အမျိုးသားတယောက် သေဆုံးခဲ့ကာ ကလေးတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့တွင်း ဗိုလ်ကုန်းရပ်ကွက်မှာရှိတဲ့ စစ်တပ်ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် မတိမ်းရှောင်နိုင်တဲ့ ဒေသခံတွေ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တာလို့ စစ်ရှောင်တွေက ဆိုပါတယ်။
စစ်ရှောင်ဒေသခံတဦးက “သေတာက ဦးရှမ်းတဲ့၊ ဝက်စာသွားကျွေးရင်း လက်နက်ကြီးစထိပြီး သေတာ။ ကလေးတယောက်လည်း ထိထားသေးတယ်။ စစ်တပ်က ရွာထဲပေးမဝင်ဘူးလေ။ မရှောင်နိုင်တဲ့သူတွေ ထိတာပါ။ စစ်ရှောင်တွေတော့ မပြန်ရသေးဘူး” လို့ ပြောပါတယ်။
မိုးကုတ်မြို့ ညောင်ကုန်းကျေးရွာက အမျိုးသမီးတဦးလည်း စက်တင်ဘာ ၁၈ ရက်က စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့၊ ဖြူရောင်ကျေးရွာက အမျိုးသမီးတဦးလည်း လက်နက်ကြီးပစ်ခတ်သံကို ကြားပြိီး နှလုံးရပ်ကာ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၀ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာနေတာကြောင့် အခုလို လက်နက်ကြီး ရမ်းပစ်ပြီး ပြည်သူတွေ ထိမှန်သေဆုံးနေတာကို မကျေနပ်ဘူးလို့ မိုးကုတ်အခြေပြု တပ်ရင်းတွေက တာဝန်ရှိသူတဦးက ဆိုပါတယ်။