DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် မလေးရှားလွှတ်တော်အမတ် ၁၃၀ ကျော် တောင်းဆို
DVB
·
September 20, 2023
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် မလေးရှားလွှတ်တော်အမတ် ၁၃၀ ကျော် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ဆေးကုသခွင့်ပေးဖို့  မလေးရှားလွှတ်တော်အမတ် ၁၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်စ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေအပေါ် အလွန်အမင်းစိုးရိမ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့အပြီးမှာ  မလေးရှား အာဏာရနဲ့ အတိုက်အခံပါတီတွေရဲ့ လွှတ်တော်အမတ် ၁၃၅ ယောက်တို့က  စက်တင်ဘာ ၁၉ ရက်မှာ ပူးတွဲ ကြေညာချက်ထုတ်ပြန်  တောင်းဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကတည်းက  ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းချခံခဲ့ရကာ နောက်ဆုံး ၂၀၁၀ မှာ ပြန်လွတ်လာပြီးနောက် အာဆီယံဒေသထဲမှာ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တယောက်အဖြစ် ပေါ်ထွက်လာခဲ့ကာ   ကမ္ဘာတဝန်း လူတွေအများကြီးအတွက် ဒီမိုကရေစီ၊ ခံနိုင်စွမ်းရည်၊ ရဲရင့်သတ္တိနဲ့  လွတ်လပ်ခွင့်တွေကို စေ့ဆော်ပေးတဲ့  စံနမူနာထားရတဲ့  ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကျန်းမမာဖြစ်နေတဲ့ စိုးရိမ်စရာလက်ရှိအခြေအနေကို  စိုးရိမ်ပူပန်တဲ့ အကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးဖို့၊ ပြင်ပဆရာဝန်နဲ့  နှောင့်နှေးခြင်းမရှိဘဲ အမြန် တွေ့ခွင့်ပေးဖို့  မြန်မာစစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေက လွှတ်တော်အမတ်တွေလည်း မြန်မာပြည်သူတွေနဲ့ အတူ သွေးစည်းညီညွတ်စွာ အတူရပ်တည်ကြောင်းပြသကြဖို့နဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်က တရားလက်လွတ် ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွတ်မြောက်ရေး တောင်းဆိုကြဖို့ မလေးရှားအမတ်တွေက တိုက်တွန်း ပါတယ်။ 

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်  အကြံပေးနိုင်ဖို့အတွက် မလေးရှားအစိုးရအနေနဲ့လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်တင် မြှောက်ခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့  တိုက်တွန်းပါတယ်။

မြန်မာပြည် ငြိမ်းချမ်းတည်ငြိမ်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ အားလုံးအတွက် တရားဥပဒေစိုးမိုးမှု ရရှိစေဖို့အတွက်လည်း  မလေးရှားလွှတ်တော်အမတ်တွေက မြန်မာစစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။

နေပြည်တော်အကျဉ်းထောင်ထဲမှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောဂါခံစားနေရပြီး အစာကောင်းမွန်စွာ မစားနိုင်ဘဲ ကျန်းမာရေးအခြေအနေဟာ ဆိုးရွားလာနေတာကြောင့် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ ဗြိတိသျှနိုင်ငံမှာနေထိုင်တဲ့  သားဖြစ်သူ ကင်မ်အဲရစ်စ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပြောထားတာ ဖြစ်ပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာဖမ်းဆီး အကျဉ်းချခံ နေရတာ ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး အကျဉ်းထောင်တွင်းမှာ ခေါင်းမူး ပျို့အန်တာတွေ ရှိခဲ့ပေမဲ့ ပြင်ပဆရာဝန်နဲ့ ကုသခွင့်မရဘူးလို့လည်း  ကင်မ်က စက်တင်ဘာလ ၁၁ ရက်နေ့ မှာ ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။

စစ်တပ်က နိုင်ငံရေးအပြောင်းအလဲတစ်ခုအဖြစ်နဲ့ ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက အနိုင်ရရှိခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီက ထပ်မံအနိုင်ရခဲ့တာကို မဲစာရင်းမှားတယ်လို့  စစ်တပ်က စွပ်စွဲခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မဲစာရင်းမှားမှု  အကြောင်းပြချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးကာ စစ်တပ်က အာဏာလုယူခဲ့ပါတယ်။

စွပ်စွဲထားတဲ့ အမှုတွေထဲက ၁၉ မှုကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး စစ်တပ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ချမှတ် အပြစ်ပေးခဲ့ပါတယ်။

အမှုတွေကတော့ လမ်းပေါ်ထွက် လက်ပြနှုတ်ဆက်မှု၊ ခြံထဲက လုံခြုံရေးဝန်ထမ်းတွေ ဆီမှာ ဝေါ်ကီတော်ကီ စကားပြောစက် တွေ့ရှိမှု၊ စီးပွားရေးသမား ဦးမောင်ဝိတ်က ပရဟိတအတွက် ငွေလှူမှု စတဲ့ အမှုတွေနဲ့  စစ်တပ်က စွဲချက်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမှုတွေအားလုံးမှာ အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထွက်ဆိုခဲ့ပြီး တရားရုံးအဆင့်ဆင့် အယူခံဝင်နေ ပါတယ်။

Photo-Teresakok

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013