DVB Logo
Home
မြန်မာသတင်း
မြန်မာရေတပ်အတွက် ဆိုနာစနစ်ရောင်းပေးသည့် စင်ကာပူ ၂ ဦး ဒေါ်လာ ၈၀,၀၀၀ ဒဏ်တပ်ခံရ
DVB
·
September 20, 2023
မြန်မာရေတပ်အတွက် ဆိုနာစနစ်ရောင်းပေးသည့် စင်ကာပူ ၂ ဦး ဒေါ်လာ ၈၀,၀၀၀ ဒဏ်တပ်ခံရ
1 / 2
Donate to DVB

မြန်မာရေတပ်အတွက် ဆိုနာအသံလှိုင်းသုံး ရှာဖွေရေးစနစ်တခုကို ရောင်းချပေးခဲ့တဲ့ စင်ကာပူ နိုင်ငံသား ၂ ယောက်ကို ဒဏ်ငွေ  ဒေါ်လာ ၈၀,၀၀၀ ပေးဆောင်စေဖို့ စင်ကာပူ တရားရုံးက အမိန့်ချလိုက်တယ်လို့  The  Straits Time စင်ကာပူသတင်းစာမှာ ဖော်ပြပါတယ်။

သူတို့ကို စက်တင်ဘာ ၁၉ ရက်က အမိန့်ချမှတ်လိုက်တာဖြစ်ပြီး စင်ကာပူအခြေစိုက် Hydronav ကုမ္ပဏီက အသက် ၅၇ နှစ်အရွယ် မစ္စတာ ပွိုင်တာအက်ဂတ်စ်ကန့်ထ်ဂျန်နာနဲ့ အသက် ၇၀ အရွယ် ဝီအောင်ချူအန်းတို့ဟာ လက်နက်တွေ အပါအဝင် ဗျူဟာမြောက် ကုန်ပစ္စည်းတွေ ရောင်းချမှုကို ထိန်းချုပ်တဲ့ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံခဲ့ကြတာပါ။

Photo- The Straits Time
Photo- The Straits Time

ပြစ်မှုကျူးလွန်ခဲ့ကြချိန်မှာ မစ္စတာပွိုင်တာက ကုမ္ပဏီရဲ့ အရောင်းမန်နေဂျာအဖြစ် တာဝန်ယူထားခဲ့ကာ မစ္စတာဝီကတော့ ကုမ္ပဏီရဲ့ သွင်းကုန်ပို့ကုန်လုပ်ငန်းတွေအတွက် တဦးတည်းသော ဒါရိုက်တာအဖြစ် တာဝန်ယူထားကြတာဖြစ်ပါတယ်။

ဒီအမှုမှာတော့ ပင်လယ်ကြမ်းပြင်မြေပုံအတွက် multi-beam echo sounder system စနစ်တခု ပါဝင်နေတာဖြစ်ပြီး အဆိုပါစနစ်ကို မြန်မာနိုင်ငံက ကုမ္ပဏီတခုဖြစ်တဲ့ Light of Universe ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းနီးပါးနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစနစ်ကို မြန်မာ့ရေပိုင်နက်အတွင်း ရေကြောင်းနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဝယ်ယူခဲ့တာဖြစ်ပြီး စစ်ဘက်နဲ့ အရပ်ဘက် နှစ်မျိုးလုံးမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Hydronav ကုမ္ပဏီဟာ နော်ဝေကုမ္ပဏီတခုကထုတ်တဲ့ ဆိုနာစနစ်ကို ဝယ်ယူပြီး မြန်မာရေတပ်ကို ပြန်ရောင်းခဲ့တာဖြစ်ကာ နော်ဝေကုမ္ပဏီဘက်ကိုတော့ အင်ဒိုနီးရှား ကုမ္ပဏီတခုကို ရောင်းခဲ့တာဆိုပြီး စာရွက်စာတမ်းအတုတွေနဲ့ လိမ်လည်ခဲ့တယ်လို့ ဝန်ခံထားကြပါတယ်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်တင်ပို့ရာမှာ နောက်ထပ် စင်ကာပူကုမ္ပဏီ ၉၀ ကျော် ပါဝင်ပတ်သက်နေတယ်လို့ စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှသတင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းတုန်းက ဖော်ပြခဲ့ပါတယ်။

အရင်က စစ်အုပ်စုဆီ လက်နက်တင်သွင်းရာမှာ စင်ကာပူကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ နောက်ထပ် ကုမ္ပဏီ ၉၀ ကျော်ကို ထပ်မံ ဖော်ထုတ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ကို စင်ကာပူ လွှတ်တော်အမတ် ၂ ယောက်က မေးမြန်းခဲ့ရာမှာတော့ စင်ကာပူအနေနဲ့ မြန်မာနိုင်ငံအပေါ် အထွေထွေကုန်သွယ်မှု ပိတ်ပင်ထားတာမျိုး လုပ်ဆောင်ဖို့ မရှိဘူးလို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ တရားဝင်ကုန်သွယ်မှု ပိတ်ဆို့ရေးက စင်ကာပူအစိုးရရဲ့ မူဝါဒ မဟုတ်ဘူးလို့လည်း ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ စင်ကာပူ-မြန်မာ နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ စင်ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ) ရှိခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ်စီ လက်နက်တင်သွင်းရာမှာ စင်ကာပူဟာ အရေးပါတဲ့ ကြားခံနေရာအဖြစ် အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုး ပေးပို့တင်သွင်းခဲ့တဲ့အပြင် လက်နက်ပွဲစားတွေက စင်ကာပူဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အခုနှစ် မေလတုန်းကတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ရာမှာ မြန်မာနိုင်ငံကို စင်ကာပူကနေ လက်နက်တွေ မရောင်းချတာ အချိန်ကာလ ကြာမြင့်လှပြီဖြစ်သလို လက်နက်ရောင်းချတာကိုလည်း တားမြစ်ကန့်သတ်ထားတယ်လို့ စင်ကာပူလွှတ်တော်မှာ ပြောထားပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ပင်ထားပေမဲ့ နိုင်ငံတချို့ကတော့ ဆက်လက် တင်ပို့ရောင်းချပေးနေခဲ့ပြီး ဒါတွေကို ဖိအားပေး ဆန့်ကျင်ကြဖို့ Justice for Myanmar အဖွဲ့က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013