DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားခရီးသွားဝင်ရောက်မှု အနည်းငယ်တိုးလာသော်လည်း အာဏာမသိမ်းမီကထက် များစွာ လျော့နည်း 
DVB
·
September 19, 2023
နိုင်ငံခြားခရီးသွားဝင်ရောက်မှု အနည်းငယ်တိုးလာသော်လည်း အာဏာမသိမ်းမီကထက် များစွာ လျော့နည်း 
1 / 2
Donate to DVB

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက စတင်ပြီး ဇူလိုင်လအထိ ပထမ ၇ လအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၆၀၉,၆၉၀ ဦး ဝင်ရောက်ခဲ့ပြီး မနှစ် ကာလတူက ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် ၁၀၄,၃၃၇ ဦးနဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ ပြည်ပခရီးသွားဦးရေ ၅၀၀,၀၀၀ ကျော် ပိုမိုတိုးတက်လာခဲ့တယ်လို့ စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်း‌တွေအရ သိရပါတယ်။

ပြည်တွင်းကို ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည် ၆ သိန်းကျော်အနက်မှာ ၄ သိန်းကျော်က နယ်စပ်မှာ ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး လေကြောင်းနဲ့ဝင်ရောက်သူ ၁၅၈,၆၆၃ ဦး၊ သင်္ဘောနဲ့ဝင်ရောက်သူ ၃၆၁ ဦး၊ နယ်စပ်ဝင်ပေါက်ကနေ အတွင်းပိုင်းထိ ဝင်ရောက်သူ ၁၀,၉၅၅ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဝန်ကြီးဌာနရဲ့ ကိန်းဂဏန်း‌တွေအရ ပြီးခဲ့တဲ့နှစ်ထက် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာခဲ့တယ် ဆိုပေမဲ့ ကို‌ဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် ၄ ဒသမ ၅ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ၉၀ ရာခိုင်နှုန်း ဝန်းကျင်လောက် လျော့ကျနေပါတယ်။

ဝါရင့်ခရီးသွားလုပ်ငန်းရှင်တဦးက “ကိုဗစ်မတိုင်ခင်က ဆိုရင်တော့ အများကြီး ကွာနေသေးတာပေါ့။ အဲတုန်းက တနှစ်ပတ်လုံးဆိုရင် ၄ ဒသမ ၅ သန်းလောက်ထိ ရောက်သွားတယ်။ တရုတ်ဧည့်သည်တင် ၁ သန်းလောက် ဖြစ်သွားတယ်။ အခုကတော့ အဲလောက် မရောက်သေးဘူးလေ။ ကိန်းဂဏန်းကတော့ တော်တော်ကွာပါသေးတယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံကို တရုတ်နဲ့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်တချို့ ဝင်ရောက်ခဲ့ပြီး တခြားနိုင်ငံသား ခရီးသွားဧည့်သည် ဝင်ရောက်မှုကတော့ အနည်းအကျဉ်းသာ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ဆိုပါတယ်။

ခရီးသွားလုပ်ငန်းရှင်တဦးက “ပြည်ပ ခရီးသွားဧည့်သည်က အများကြီးတော့ မလာသေးဘူး။ တရုတ်နိုင်ငံသားတချို့ လာတယ်။ ထိုင်းက တချို့လာတယ်။ ကျန်တာကတော့ အနည်းအကျဉ်းပေါ့နော်။ သိပ်အများကြီး မလာသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဆိုက်ေရာက်ဗီဇာ ခွင့်ပြုပေးပြီး ရှရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ခရီးသွားတွေကို ဆွဲဆောင်နေကာ လာမယ့် ပွင့်လင်းရာသီ အောက်တိုဘာလမှာ ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာဖို့လည်း မျှော်မှန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ခရီးစဉ်ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ အင်းလေးကန် အပါအဝင် ငပလီ၊ ချောင်းသာနဲ့ ငွေဆောင်တို့လို ကမ်းခြေနေရာတွေမှာ ခရီးသွားဝင်ရောက်မှု တိုးတက်လာအောင်လည်း ဆောင်ရွက်နေတယ်လို့ အဲဒီလုပ်ငန်း အသိုင်းအဝိုင်းကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက၂၀၂၂ ခုနှစ် ဧပြီလကစတင်ပြီး နိုင်ငံခြားခရီးသွားတွေကို မြန်မာပြည်တွင်း ဝင်ရောက်နိုင်ဖို့ လေကြောင်းလိုင်းခရီးစဉ်တွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး e-visa လျှောက်လွှာတွေ စတင်လက်ခံခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ခရီးသွားဖို့ မသင့်တော်သေးဘူးဆိုတဲ့ သတိပေးချက်တွေကြောင့် ပြည်ပခရီးသွားလာရောက်တဲ့နှုန်းဟာ သိန်းဂဏန်းလောက်ပဲ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွားဝင်ရောက်မှုအဖြစ် ၂၀၁၇ မှာ ၃ ဒသမ ၄ သန်းကျော်၊ ၂၀၁၈ မှာ ၃ ဒသမ ၅ သန်းကျော်နဲ့ ၂၀၁၉ မှာ ၄ ဒသမ ၅ သန်း ဝန်းကျင် ဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013