DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင် ၉ ဦးကို ဒီးမော့ဆို PDF ပြန်လွှတ်ပေး 
DVB
·
September 19, 2023
ထိန်းသိမ်းခံ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင် ၉ ဦးကို ဒီးမော့ဆို PDF ပြန်လွှတ်ပေး 
Donate to DVB

ထိန်းသိမ်းထားတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ကလေးငယ် အပါအဝင် ၉ ဦးကို  ပြန်လွှတ်ပေးလိုက်တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က စက်တင်ဘာ ၁၉ ရက် ဒီနေ့  ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ကောင်စီမိသားစုဝင်တွေကို ပြီးခဲ့တဲ့ ဇွန် ၁၃  ရက်က မယ်စဲ့တိုက်ပွဲစဖြစ်တဲ့အချိန်မှာပဲ ဖမ်းဆီးရမိလို့ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူကာကွယ်ရေးတပ် ပြောခွင့်ရသူ ကိုကယန်းက ဒီဗွီဘီကို ပြောပါတယ်။

“မယ်စဲ့ဘက်မှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ မြို့ထဲမှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပြည်သူတွေက ထွက်ပြေးကုန်တာပေါ့နော်။ သူ့တို့လည်း စခန်းထဲကနေ စခန်းပြင်ကို ရှောင်ပုန်းနေတဲ့အချိန်မှာ ကျနော်တို့ ဖမ်းမိသွားတာပေါ့နော်။ အဲဒီမှာ ကလေးက အသက် ၂ နှစ်ဝန်းကျင် ကလေး ၂ ယောက် ပါတယ်။”

အဆိုပါ မိသားစုဝင်တွေက စစ်ကောင်စီတပ်က မိသားစု ၁ စုနဲ့ ရဲမိသားစုဝင် ၂ စုတို့ ဖြစ်ပြီး သူတို့အမျိုးသားတွေကတော့ မယ်စဲ့တိုက်ပွဲမှာပဲ ကျသွားခဲ့ပြီလို့  ယူဆကြောင်းလည်း ပြောပါတယ်။

“ရဲစခန်းကတော့ ကျနော်တို့ တပ်ပေါင်းစုတွေ ဇူလိုင် ၂၃ ရက်နေ့မှာ ဝင်ပစ်တယ်လေ။ မနက်ပိုင်းနဲ့ ညပိုင်း ဝင်ပစ်တဲ့အချိန်မှာ အားလုံးသေသွားတယ်လို့တော့ ပြောတယ်။ ကျနော်ကိုယ်တိုင်တော့မလိုက်သွားဘူး။ ကျနော့်ရဲဘော်ပြောပြချက်အရ အားလုံးသေသွားပြီတဲ့ တယောက်မှ မကျန်တော့ဘူးတဲ့။ ဆိုတော့ အကုန်လုံးသေပြီးလို့ ကျနော်တို့ သတ်မှတ်လို့ရတာပေါ့။”

အဆိုပါ ရဲစခန်းတွေကို တပ်ပေါင်းစု ဝင်မပစ်ခင်မှာ ရဲတပ်ဖွဲ့မိသားစုဝင်တွေကို သူတို့ရဲ့ အမျိုးသားတွေ ခေါ်ဖို့ စာနဲ့လွှတ်ခဲ့ပေမဲ့ မရခဲ့ဘူးလို့  ကိုကယန်းက ပြောပါတယ်။

“အစက ကျနော်တို့က ၁၆ ရက်နေ့ မနက်မှာ ဖမ်းတာဗျာ။ ကျနော်တို့ နည်းနည်းပါးပါး စစ်ဆေးမေးမြန်းပြီးတော့ အမျိုးသားပြန်ခေါ်ပေးလို့ရလားလို့မေးတော့ သူက ရတယ်တဲ့ စာရေးပေးပါဆိုပြီးတော့ ကျနော်တို့က စာရေးပြီးတော့ ပို့လိုက်တာပေါ့နော်။ သူသွားပြီးတော့ ရဲစခန်းက ဒုရဲမှူးတယောက်က လုံးဝ အထဲပေးမဝင်ဘူး။ နောက်ပြီးယောကျ်ားလည်း ပေးမတွေ့ဘူးတဲ့ ဒါပေမဲ့ စာတော့လက်ခံလိုက်တယ်လို့ပြောတယ်။ ဒါပေမဲ့ စာက ပစ်ထုတ်လိုက်တာလားမသိဘူး။ အဲဒါက တရက်ပေါ့။ ဒုတိယရက်တော့ သူကလာပြီးတော့ ကျနော့်ရဲဘော်ကို လာပြောတယ်လေ။ ဆရာကို စာရေးခိုင်းပါဦး ကျမ ထပ်သွားမယ်၊ ကျမအမျိုးသား ရအောင်ခေါ်ထုတ်မယ်ဆိုပြီးတော့ ကျနော်ကလည်း စာပေးလိုက်တယ်ဗျား၊ ရေးပေးပြီး သူသွားပို့တဲ့အချိန်မှာလည်း အရင်နေ့ကလိုပဲ အငြင်းခံရတာပေါ့နော်။ လုံးဝပေးမဝင်ဘူး။ ယောက်ျားလည်း ပေးမတွေ့ဘူးပေါ့နော်။ နောက်ပိုင်း တိုက်ပွဲ ဆက်ဖြစ်တဲ့အခါကျတော့ ကျနော်တို့လည်း ဆက်သွားတော့ဘူးဗျာ။”  

ဒီလိုတိုက်ပွဲဆက်ပြီးဖြစ်ပြီး ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ပြီးနောက် ထိန်းသိမ်းခံထားရသူတွေရဲ့  အမျိုးသားတွေ သေဆုံးကုန်တယ်လို့ပြောပါတယ်။

ဒီလိုထိန်းသိမ်းထားချိန် သူတို့ပြည်မကိုပြန်ဖို့ တောင်းဆိုတဲ့အတွက် မနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာလို့လည်း ဆိုပါတယ်။

“သူတို့ စစ်ကောင်စီနဲ့ပူးပေါင်းလို့ ကျနော်တို့ရန်သူလို့ သဘောထားပြီးတိုက်ကြတာပေါ့နော်။ သူတို့ မိသားစုဝင်ကျတော့ မသက်ဆိုင်ဘဲနဲ့ ဒါက ကျနော်တို့အမြင်ပေါ့နော်။ ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်ဆိုတဲ့မူဝါဒတွေရှိတယ်။ အဲလိုပဲ ကျနော်တို့ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ပြန်ဖို့က သူတို့ဆန္ဒပေါ့နော်။ ခဏခဏခွင့်တောင်းတာပေါ့နော်။ နောက်ဆုံး သူ့ဆန္ဒအရပဲ ကျနော်တို့ လွှတ်ပေးလိုက်တာပေါ့နော်။ လမ်းစာရိတ်သုံးဖို့လည်း ပိုက်ဆံနည်းနည်းပါးပါးတော့ ပေးထားတာ ပေါ့နော်။ ကျနော့်အနေနဲ့လည်း အစ်မတို့ညီမတို့ပြန်ရင် ဘယ်ခြေအနေတွေ ကြုံရနိုင်တယ်နော် ကျနော်တို့ နားလည်လောက် ရှင်းပြထားပေမံ့ သူတို့က သူတိုလင်ယောကျ်ားက တိုက်ပွဲဝင်ရင်းသေ သွားတာပဲ သူတို့က ကောင်းကောင်းမွန်မွန်ဆက်ဆံရမှာပေါ့ ဆိုပြီး ဒါက သူတို့ ပြန်ဖြေတဲ့ဟာပေါ့နော်။”

အခုလိုပြန်လွှတ်လိုက်ပေမယ့် သူတို့တွေအိမ်နေရာရောက်ချိန်မှာ ဖမ်းဆီးခံရမှာကို စိုးရိမ်တယ်လို့ ကိုကယန်းက ပြောပါတယ်။

“ကျနော်တို့လည်း အဲဒါကို စိုးရိမ်ရတယ်။ ကျနော်လည်း သေချာပြောထားတယ်။ ဖမ်းဆီးခံနိုင်တယ်လို့သေချာ ရှင်းပြထားပြီးသားပဲ ဒါပေမဲ့ သူက ကလေးလည်း ကျောင်းပြန်ထားချင်တယ်ပေါ့။ နောက်တောထဲမှာဆိုတော့လည်း အဆင်မပြေဘူးပေါ့။ မြို့ထဲမှာလည်းမဟုတ်ခါကျတော့ ဘေးပတ်ဝန်းကျင်လည်း ပေးထိတွေ့တာမရှိတော့ သူတို့က ပြန်ချင်တာ။ ကျနော်က ဒိလိုပဲ မှတ်ယူတယ်ဗျာ။”

အခု ပြန်လွှတ်ပေးလိုက်တဲ့ ရဲနဲ့တပ် မိသားစုဝင်တွေကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ အရင်ကလည်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ မိသားစုဝင်တွေကိုလည်း ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013