DVB Logo
Home
မြန်မာသတင်း
မိုးဗြဲ PDF အထူးမွမ်းမံသင်တန်းဆင်း၊ ဒီးမော့ဆို PDF ၁၁၀၂ တပ်ရင်း ၂ နှစ်ပြည့် ကျဆုံးရဲဘော် မိသားစုများကို ဂုဏ်ပြုငွေပေး 
DVB
·
August 24, 2023
မိုးဗြဲ PDF အထူးမွမ်းမံသင်တန်းဆင်း၊ ဒီးမော့ဆို PDF ၁၁၀၂ တပ်ရင်း ၂ နှစ်ပြည့် ကျဆုံးရဲဘော် မိသားစုများကို ဂုဏ်ပြုငွေပေး 
1 / 4
Donate to DVB

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က အမှတ်စဥ် ၂/၂၀၂၃၊ အမှတ် ၁၀၀၁၊ အထူး မွမ်းမံသင်တန်းကို ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၁၂ ရက်အထိ အခက်အခဲကြားကနေ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MBPDF ရဲ့ သြဂုတ် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

မွမ်းမံသင်တန်းက မလုပ်ဖြစ်တာ ကြာတာကြောင့်ရယ် ရဲဘော်တွေရဲ့ ကိုယ်ခံပညာပိုင်းကော စိတ်ဓာတ်မြှင့်တင်ရေးပိုင်းကော ပိုမိုကြံ့ခိုင်မှုရှိအောင် ဆိုပြီး သင်တန်းပေးဖြစ်ရခတာလို့ MBPDF အမှတ် ၁၀၀၁ မှ သတင်းနဲ့ပြန်ကြား​ရေး တာဝန်ခံက ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပေါ့။ ဒီသင်တန်း ပြုလုပ်တာတော့ ရက် ၂၀ ပဲ​ ကျင်းပပြုလုပ်တာပေါ့။ ဘာကြောင့်လဲဆိုတော့ စားရေး သောက်ရေးကအစ အခက်အခဲ ဖြစ်လာတာပေါ့။ တဖက်မှာလည်း စကစတပ်တွေက မိုးဗြဲမြို့ထဲ နေရာယူထားပြီး ကျနော်တို့ဘက်ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ကြိုးစားနေတော့ ကျနော်တို့မှာက လက်နက်ခဲယမ်း စုဆောင်းပိုင်းမှာလည်း လိုအပ်မှု များစွာ ရှိလာတာပေါ့နော်။ အဲ့ကြောင့် အကူအညီတွေ လိုအပ်နေပါတယ်ပေါ့။”

သင်တန်းအတွင်း ရဲဘော်တွေ ကိုယ်ခံပညာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကို အဓိကထားပြီး ပို့ချ လေ့ကျင့်စေကာ အခက်အခဲတွေကြောင့် သင်တန်းကာလ ၂၀ ရက်သာ သတ်မှတ်ပြီး ရဲဘော် ၃၂ ဦးနဲ့ ပြုလုပ်ခဲ့ကြောင်းနဲ့ နောက်ထပ် အထူးမွမ်းမံသင်တန်း​တွေ ထပ်မံပြုလုပ်နိုင်ရေးအတွက် လိုအပ်နေတဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ကို ဖြည့်တင်းနိုင်ဖို့အတွက် အကူအညီများစွာ လိုအပ်နေပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အမှတ် ၁၀၀၁၊ MBPDF ရဲ့ အဓိက စစ်ရေးလှုပ်ရှားနေရတဲ့ မိုးဗြဲမြို့တွင်းမှာ စကစတပ်တွေနဲ့ တိုက်ပွဲဖော်ဆောင်မှု မပြုနိုင်သေးပေမဲ့ မစ်ရှင်အသေးစားတွေနဲ့ စကစတပ်ကို တိုက်ခိုက်နေကြပြီး မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အဓိက လိုအပ်နေတဲ့ လက်နက်ခဲယမ်း၊ စစ်ရေးအသုံးအဆောင် ပစ္စည်းတွေ ဝယ်ယူစုဆောင်းနိုင်ဖို့ အလှူရှင်တွေရဲ့ ကူညီမှုရရှိမှသာ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်း ပြည်ပက အလှူရှင်တွေကို ကျနော်တို့ အမှတ် ၁၀၀၁၊ MBPDF ကို ထောက်ပံ့ကူညီပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့လည်း သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆို ၁၁၀၂ တပ်ရင်း ၂ နှစ်ပြည့် အခမ်းအနားကိုလည်း  ဩဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့ကြောင်း MOD က သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒီးမော့ဆို ၁၁၀၂ တပ်ရင်း တာဝန်ရှိသူတဦးက “ယနေ့အချိန်အထိ ကူညီပံ့ပိုး ထောက်ပံ့ပေးတဲ့ ပြည်သူတယောက်ချင်းစီကို အမြဲ ဦးထိပ်ပန် ကျေးဇူးတင်ပါတယ်။ တော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းများကို အလေးနီပြု လေးစား ဦးညွှတ်ပါတယ်။ ပြီးတော့ အတူတကွ ရပ်တည်လာတဲ့ တပ်ရဲဘော်တွေရော၊ မဟာမိတ်တွေရော အလေးပြုပါတယ်။ ပြီးတော့ အရာအားလုံးကို ဖြည့်ဆည်းဖို့က မလွယ်ကူပေမဲ့ ကြိုးစားပေးတဲ့ NUG၊ MOD ကို အမြဲ လေးစားပြီး ကျေးဇူးတင်ပါတယ်။ ကျနော်တို့က ဆက်လက်ပြီး တိုက်ပွဲဝင်နေဦးမှာပါ။ ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆက်သွားကြပါမယ်။ ပြည်သူများလည်း ကျနော်တို့နဲ့ အတူ ဆက်လက်ရပ်တည်ပေးဖို့ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို တပ်ရင်းမွေးနေ့ အမှတ်တရစကား ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးပြုပြီး တပ်ရင်းမှူးက အမှာစကား ပြောကြားကာ အခမ်းအနားကို တက်ရောက်လာတဲ့ လူကြီးတွေက အာပေးစကားပြောပြီး အခမ်းအနားကို အကျဉ်းချုပ် အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေထံ ဦးညွှတ်ဂုဏ်ပြုငွေအနည်းငယ်နဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုငွေ အနည်းငယ် ပေးအပ်ခဲ့ပါတယ်။

တပ်ရင်းမွေးနေ့ အခမ်းအနားကို တော်လှန်ရေး မဟာမိတ်တွေကို ဖိတ်ကြားခြင်းမပြုဘဲ လုံခြုံရေးအရ အကျဉ်းချုပ် ပြုလုပ်ခဲ့ရပါတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒီးမော့ဆို ၁၁၀၂ တပ်ရင်းထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013