
မလေးရှားနိုင်ငံ၊ ပူချွန်းမြို့နယ်၊ သမ္မာန်မတ်ရပ်ကွက်မှာ မြန်မာနိုင်ငံသား လေးယောက် အရက် အတူသောက်စားရာကနေ ခိုက်ရန်ဖြစ်ပွါးပြီး ဓားနဲ့ထိုးခဲ့လို့ တယောက် သေဆုံးခဲ့တယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ထံကနေ သိရပါတယ်။
စက်တင်ဘာ ၆ ရက်က သေဆုံးသူရဲ့နေအိမ်မှာ အမျိုးသား လေးယောက် အရက်အတူသောက်ခဲ့ပြီး ဧည့်သည် အမျိုးသား နှစ်ယောက်က အိမ်ရှင်အမျိုးသားနဲ့ စကားများရာကနေ ခိုက်ရန်ဖြစ်ပွားရာက ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။
ကျန်အမျိုးသားတယောက်က အိမ်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကို ဖုန်းအကြိမ်ကြိမ်ဆက်ပြီး အကြောင်းကြားပေးခဲ့ပေမဲ့ အမျိုးသမီးမှာ အလုပ်ခွင်အတွင်း ဖုန်းမကိုင်ရဖြစ်ခဲ့ပါတယ်။
ဒီနောက် အမျိုးသမီးက အလုပ်အပြီး နေအိမ်သို့ပြန်လာရာ ပတ်ဝန်းကျင်က ရဲတွေကို အကြောင်းကြားထားလို့ မလေးရှား အရပ်ဝတ်ရဲတွေက သူ့ကိုမေးမြန်းပြီး လက်ကိုင်ဖုန်းကို စစ်ဆေးကာ အဆိုပါအမျိုးသမီးရဲ့ ခင်ပွန်းနဲ့ သူငယ်ချင်းဖြစ်သူတို့ နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့ တရားခံအမျိုးသား နှစ်ယောက်ကတော့ ဖမ်းမမိသေးဘဲ ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဖမ်းဆီးထားသူ နှစ်ယောက်ကိုတော့ တရားမဝင်နေထိုင်မှုနဲ့ စစ်ဆေးနေ ပါတယ်။
သေဆုံးသူ အမျိုးသားမှာ အသက် ၃၆ နှစ်အရွယ် ကိုမြသာအေးဖြစ်ပြီး ဧရာဝတီတိုင်း မအူပင်မြို့နယ် ကျီစုရွာ ဇာတိဖြစ်ကာ မလေးရှားမှာ ဇနီးဖြစ်သူနဲ့အတူ လာရောက် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) တာဝန်ရှိသူတဦးက “ဖမ်းထားတဲ့ နှစ်ယောက်ကိုတော့ အိုဗာစတေးနဲ့ စွဲချက်တင်ထားတာပေါ့။ အလောင်းကိုတော့ အခုထိ ဆေးရုံမှာထားတယ်။ ရဲမှုခင်းဆိုတော့ ကျနော်တို့လည်း အလောင်းထုတ်ခွင့်မရသေးဘူး။ စက်တင်ဘာ ၂၄ ရက်နေ့ သင်္ဂြိုဟ်ခွင့်ရအောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
မလေးရှားမှာ မြန်မာလုပ်သားတွေ သောက်စားမူးယစ်ရာကနေ ခိုက်ရန်ဖြစ်ပွားတာတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတွေထံက သိရပါတယ်။