DVB Logo
Home
မြန်မာသတင်း
ပါမောက္ခရှောင်တာနယ်၏ မြန်မာပြည်ထောင်တွင်း အတွေ့အကြုံစာအုပ် “An Unlikely Prisoner” ထုတ်ဝေ ဖြန့်ချိမည် 
DVB
·
September 18, 2023
ပါမောက္ခရှောင်တာနယ်၏ မြန်မာပြည်ထောင်တွင်း အတွေ့အကြုံစာအုပ် “An Unlikely Prisoner” ထုတ်ဝေ ဖြန့်ချိမည် 
Donate to DVB

စစ်ကောင်စီရဲ့ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ဩစတြေးလျ စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနယ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့သူ့ရဲ့ အတွေ့အကြုံတွေကို ရေးသားထားတဲ့ “An Unlikely Prisoner”  စာအုပ်ကို ပင်ဂွင်းစာအုပ်တိုက်ကနေ မကြာခင်ထုတ်ဝေ ဖြန့်ချိတော့မယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလည်းဖြစ်တဲ့ ပါမောက္ခ ရှောင်တာနယ်ဟာ အင်းစိန်ထောင်၊ နေပြည်တော်ထောင်နဲ့ စစ်ကြောရေးတွေမှာ  ၂ နှစ်နီးပါး ကြာအောင် ဆိုးဆိုးဝါးဝါး ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်ဖို့ အကြံဉာဏ်ကောင်းတွေ ပေးခဲ့တဲ့ ပါမောက္ခ ရှောင်တာနယ်ကို ဘာအပြစ်မှမရှိဘဲ စစ်ကောင်စီက တရားလက်လွတ် ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးတဲ့ အခါမှာတော့ အကျဉ်းစခန်းနဲ့ ထောင်တွေထဲမှာ ရက်ပေါင်း ၆၅၀ ကြာ  ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပါမောက္ခ ရှောင်တာနယ်က စာအုပ်ရေးသားခဲ့တာဖြစ်ပါတယ်။

မကြာခင်ထွက်ရှိတော့မယ့်သူ့ရဲ့ စာအုပ်နဲ့ ပတ်သက်ပြီး မစ္စတာ ရှောင်တာနယ်က “ဒီစာအုပ်ကို ကျနော်က An Unlikely Prisoner ဆိုပြီး နာမည်ပေးထားပါတယ်။ အဓိကကတော့ ကျနော် အဖမ်းခံရတဲ့ အကြောင်းတွေပါ။  သိတဲ့အတိုင်းပဲလေ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ ကျနော် အကူအညီ ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို အလားအလာကောင်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့နိုင်ငံ ဖြစ်လာဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ချပေးနိုင်ဖို့ လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျနော်တို့လုပ်ဆောင်တဲ့ ကာလတလျှောက် အခက်အခဲတွေအများကြီး ကြုံတွေ့ခဲ့ရပေမဲ့ တိုးတက်မှုတွေ အများအပြား ရရှိခဲ့ပါတယ်။ ဥပမာဆိုရင် ရခိုင်အရေးကိစ္စ၊ ကိုဗစ်-၁၉ ဖြစ်လာတဲ့ ကိစ္စတွေက ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အခက်အခဲတွေပါ။ ဒီကြားထဲက လုပ်ခဲ့ရတာတွေပါ။ ဒါပေမဲ့ အဲဒီလို စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ကျနော်နဲ့အတူ လက်တွဲ လုပ်ဆောင်ခဲ့တဲ့လူတွေကိုယ်တိုင် ကျနော့်လိုပဲ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေထဲကို ရောက်သွားခဲ့ရပါတယ်။ တကယ်တော့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးဟာ တကယ့်ကို အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ အခုလို ဖြစ်သွားရတာ တော်တော်ကို စိတ်ထိခိုက် ကြေကွဲစရာ ကောင်းလှပါတယ်။ ကျနော့်စာအုပ်ထဲမှာတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ဖော်ပြထားပါတယ်”လို့ ဒီဗွီဘီနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရုံးတင်စစ်ဆေးခံနိုင်ဖို့ အင်စိန်ထောင်ကနေ နေပြည်တော်ထောင်ကို ထပ်ရွှေ့ခဲ့ရတဲ့ အကြောင်းတွေကိုလည်း ရေးထားတယ်လို့ ရှောင်တာနယ်က ပြောပါတယ်။ 

“ပြီးတော့ ရယ်စရာကောင်းတဲ့ နောက်တခုလည်း ရှိသေးတယ်။ သူတို့က ကျနော့်ကို ကျည်ကာအင်္ကျီလည်း ဝတ်ထားပေးသေးတယ်။ ပြီးတော့ သူတို့ကပြောတယ်၊ နေပြည်တော်ကနေ ရန်ကုန်အပြန်မှာ သူတို့ ကားလမ်းမှာ တိုက်ခိုက်ခံရမှာ စိုးလို့ပါတဲ့။ ကျနော်က သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေတာကို သိသွားတယ်။ အဲဒီတော့ အဲဒီအခိုက်အတန့်ကို ကျနော် ကောင်းကောင်းအသုံးချလိုက်တယ်။ ကျနော်က သူတို့ကို ပြောလိုက်တယ်။ နင်သိတယ်မလား၊ ငါတို့သာ တနည်းနည်းနဲ့ ခြုံခိုတိုက်ခိုက်ခံရမယ်ဆိုရင် တိုက်ခိုက်တဲ့လူတွေက ငါ့ကိုတော့ ရည်ရွယ်ပြီး ပစ်မှာမဟုတ်ဘူး။ နင်တို့ကိုပဲ ရည်ရွယ်ပြီး ပစ်လိမ့်မယ်လို့ ပြောလိုက်တယ်။ ငါကလုံခြုံပေမဲ့ နင်တို့ မလုံခြုံဘူးလို့ ဆိုလိုက်တယ်။ အဲဒီစကားက သူတို့ကို တော်တော်လေး ထိသွားပုံရတယ်။ ကျနော့်အတွက်တော့ ဒီလိုပြောနိုင်လိုက်တာကို ရှားရှားပါးပါး အောင်ပွဲတခုလို့တောင် မြင်မိပါတယ်။ ဟုတ်ပါတယ်။ တော်တော်ဆိုးတဲ့ အနေအထားတွေပါ။ စာအုပ်ထဲမှာတော့ အသေးစိတ် ရေးထားပါတယ်။ အခန်းတွေက စုတ်ပြတ်နေသလို ခေါင်မိုးက ရေတွေယိုကျနေတဲ့ နေပြည်တော်က အကျဉ်းစခန်းတွေမှာ နေရတာဟာ တကယ့်ကို စိတ်ပျက်ဖွယ်ကောင်းတဲ့ ကာလတွေပါ၊”

ဒီစာအုပ်ရေးသားဖို့အတွက် မစ္စတာရှောင်တာနယ်ဟာ အကျဉ်းထောင်ထဲမှာ ရှိနေစဉ်ကတည်းက  တချို့တဝက်ကို သူ့စိတ်ထဲမှာ၊ တချို့တဝက်ကိုတော့ သူ့ဆီမှာရှိနေတဲ့ စာအုပ်တွေရဲ့ ပိုနေတဲ့စက္ကူသားနေရာတွေမှာ ခဲတံနဲ့ချရေးရင်း စတင်ရေးသားခဲ့တာလို့   ဩစတြေးလျ အခြေစိုက် ABC သတင်းဌာနနဲ့ အင်တာဗျူးမှာ မစ္စတာရှောင်တာနယ်က ပြောခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် တချိန်တည်းဆိုသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အများအပြားကို ဖမ်းဆီးခဲ့ရတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး၊ ဩစတြေး လျနိုင်ငံသား ပါမောက္ခ ရှောင်တာနယ်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ရှောင်တာနယ်လ်ကို  ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး  လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တို့နဲ့ စွဲဆိုခဲ့ကာ  ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှာတော့  ပါမောက္ခ ရှောင်တာနယ်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့လို့   ပြည်နှင်ဒဏ်ပေးခံခဲ့ရကာ ဩစတြေးလျနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာတော့  ပါမောက္ခ ရှောင်တာနယ်အပေါ် ခြွင်းချက် ခံဝန်ကတိနဲ့ အကျဉ်းထောင်ကပြန်လွှတ်ပေးခဲ့တဲ့ လွတ်ငြိမ်းခွင့်ကို ပြန်လည် ရုပ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013