DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏သမီး ပိုင်ဆိုင်သည့် ရုပ်ရှင်ထုတ်လုပ်ရေး နာမည်သစ်ပြောင်း၊ ရုပ်ရှင် သပိတ်ဆက်မှောက်ရန် တိုက်တွန်း
DVB
·
September 18, 2023
စစ်ခေါင်းဆောင်၏သမီး ပိုင်ဆိုင်သည့် ရုပ်ရှင်ထုတ်လုပ်ရေး နာမည်သစ်ပြောင်း၊ ရုပ်ရှင် သပိတ်ဆက်မှောက်ရန် တိုက်တွန်း
1 / 2
Donate to DVB

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့  သမီးဖြစ်သူ ပိုင်ဆိုင်တဲ့ 7 sense ရုပ်ရှင်ထုတ်လုပ်ရေးက SM winner လို့ နာမည်ပြောင်းပြီး အနုပညာလောကနဲ့ တခြားစီးပွားရေးတွေ ပြန်လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန်နဲ့ အပေါင်းအပါတွေ ပိုင်ဆိုင်တဲ့ 7 sense ရုပ်ရှင်ထုတ်လုပ်ရေးက အခုအချိန်မှာ ပြည်သူကို လှည့်စားပြီး ရုပ်ရှင်ကားတွေ ရုံတင်နေတာ ဖြစ်တဲ့အတွက် အခုလထဲမှာပြသမယ့် အချိန်လွန်မိုး ရုပ်ရှင်ကားကို ပြည်သူတွေ သွားမကြည့်ကြဖို့ ရုပ်ရှင် သပိတ်ကို ဦးဆောင်တဲ့ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌက တိုက်တွန်း ပြောပါတယ်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာက “မြို့ပြတွေမှာပေါ့၊ ပြည်သူတွေအနေနဲ့ စိတ်မွန်းကျပ်တာတွေ အရမ်းခံစားနေရတဲ့ ဖြစ်စဉ်တွေကို ကျနော်တို့အနေနဲ့ ကောင်းကောင်း နားလည်ပါတယ်။ ထွက်ပေါက်ရှာတဲ့အနေနဲ့ အပျော်အပါးလေးတွေလုပ်ကြတာ ကျနော်တို့ အနေနဲ့ နားလည်လက်ခံပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးက နှစ်ခြမ်းကွဲနေလို့တော့ မရပါဘူး။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သမီးရဲ့ 7 sense ကိုလည်း ပြည်သူတွေ အနေနဲ့က boycott လုပ်ပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို နားလည်ပါးရိုက် လုပ်ပြီးတော့ 7 sense နာမည်ဖျောက်ပြီးတော့ SM winner ဆိုတဲ့ နာမည်နဲ့ သူတို့ ရုံတင်ဖို့ ကြိုးစားလာတာဖြစ်တယ်။ သူတို့လုပ်သမျှ ခံရတယ်၊ သူတို့လှည့်သမျှ လည်ရမယ်ဆိုတဲ့ အချိုးမျိုးနဲ့ ပြည်သူကို နားလှည့်ပါးရိုက်လုပ်ချင်တာပါ။ production အမည်ပြောင်းပြီးတော့ သူတို့အနေနဲ့ ပြည်သူတွေ boycott လုပ်တဲ့ဒဏ်ကို အပြင်းအထန် ခံနေရတယ်ဆိုတာ သိသာပါတယ်။ ပြည်သူအနေနဲ့ကလည်း ထပ်ပြီးတော့ boycott လုပ်ကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ မိသားစုဟာ ရုပ်ရှင်လောကအပြင် တခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း နာမည်ပြောင်းပြီး ပြန်လည်လုပ်ကိုင်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက စုံစမ်းသိရပါတယ်။

လက်ရှိ အာဏာသိမ်းကာလမှာ ပြည်သူအများစုက ရုပ်ရှင်ရုံတွေနဲ့ အနုပညာရှင်တွေကို သပိတ်မှောက်ထားတဲ့ကာလ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကားတွေ ရုံတင်ပြသဖို့ မရှိကြောင်းကို ရုပ်ရှင်ထုတ်လုပ်ရေးတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အဲဒါ ရုပ်ရှင်လောကတင်မဟုတ်ဘူး၊ 7 sense က အရင်က ဆယ်လီဆဲဗင်းဆိုတဲ့ မီဒီယာလည်း ပိုင်တယ်။ အဲဒါတွေကအစ နာမည်ပြောင်းပြီး လုပ်လာကြတယ်။ 7 sense က နာမည်အသစ်တွေနဲ့ ဝင်ဝင်လာတာကို သတိထားမိတယ်ပေါ့နော်။ အခုလည်း 7 sense ကနေ ရုပ်ရှင်တွေကို နာမည်တွေပြောင်းပြီး ထုတ်လာတယ်။ ထုတ်မှာပဲ သူတို့ကားတွေက အများကြီးပဲ စောင့်ဆိုင်းနေတဲ့ကားတွေရော ၂၀၂၀ ထဲ ရိုက်ထားတဲ့ကားတွေရော။ ၂၀၁၉ က ကားတွေ‌ရော တပုံကြီးရှိတယ်။ အများကြီးထုတ်ထားတာ။ ဒီချိန်မှာ သူတို့ကားတွေ ပြန်တင်ခွင့်ရဖို့ဆိုရင် နာမည်တွေပြောင်းပြီး လုပ်လာမှာ သေချာတယ်။ ဒါက ပြောစရာတောင် မလိုဘူး။ သူတို့ တင်စရာရှိရင် သူတို့ဘာသာ တင်ကြလိမ့်မယ် မျက်နှာပြောင်တိုက်ပြီး။ သူတို့ ပြည်သူတွေကို မသိချင်ယောင်ဆောင်ပြီး နာမည်ပြောင်းလိုက်ရင် ပြည်သူတွေက မသိတော့ပါဘူးဆိုပြီး သူတို့လုပ်ချင်လုပ်လိမ့်မယ်။ ကျနော်တို့ကတော့ ပြတ်တယ်။ အစတည်းက မလုပ်ဘူးလို့ သတ်မှတ်ထားတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဒီကာလကြီးထဲမှာ ကျနော်တို့ကားတွေကို တင်မှာလည်းမဟုတ်ဘူး၊ ငွေရှာဖို့လည်း စိတ်ကူးမရှိဘူး။ ဒီချိန်မှာတင်ရင် ရှုံးမှာပဲဆိုတာ သေချာနေတာပဲ။”

အခုလို စီးပွားရေးအရ အမြတ်မရနိုင်တဲ့ ရုပ်ရှင်လုပ်ငန်းကို အရှုံးခံပြီး ပြသနေတာက တိုင်းပြည် ပုံမှန်တိုင်း ဖြစ်နေပြီဆိုတဲ့ အခြေအနေတခုကို ပြသဖို့ စစ်ခေါင်းဆောင်ရဲ့ အကြံအစည်တွေ ဖြစ်တယ်လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာရှင်တွေ ပြောပါတယ်။

7 Sense ရုပ်ရှင်ထုတ်လုပ်​ရေးက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆုံမှတ်ထုတ်လုပ်​ရေးဆိုတဲ့ နာမည်နဲ့ စတုတ္ထမြောက်သွေးကြောမျှင် ရုပ်ရှင်ကားကို ရုံတင်ခဲ့ပြီး အခု စက်တင်ဘာလထဲမှာတော့ အချိန်လွန်မိုး ရုပ်ရှင်ကိုလည်း SM Winner ထုတ်လုပ်​ရေးလို့ အမည်​ပြောင်းပြီး ရုံတင်ပြသဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက အခိုင်အမာ ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013