DVB Logo
Home
မြန်မာသတင်း
မြန်မာဘီယာ မရောင်းသည့်ဆိုင်များကို အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
September 18, 2023
မြန်မာဘီယာ မရောင်းသည့်ဆိုင်များကို အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

ရန်ကုန်အပါအဝင် နယ်မြို့တွေမှာဖွင့်လှစ်ထားတဲ့ ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ တင်ရောင်းဖို့၊ မရောင်းရင် အရေးယူမယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။

စစ်တပ်ဘဏ္ဍာ ဖြတ်တောက်ဖို့ တော်လှန်ရေး အင်အားစုတွေက မြန်မာဘီယာ အပါအဝင် စစ်တပ် ထုတ်ကုန် ၈ မျိုးကို ပြည်သူတွေ မသုံးစွဲဖို့ သြဂုတ်လကစလို့ ၂ လအတွင်း စစ်တပ်ထုတ်ကုန်တွေ ရောင်းအား ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းအောင် သပိတ်မှောက် ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတာပါ။

စက်တင်ဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့ လသာမြို့နယ် ၁၉ လမ်းက စားသောက်ဆိုင်တွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး မြန်မာဘီယာ တင်ရောင်းဖို့၊ မရောင်းရင် အရေးယူမယ်လို့ ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက "ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်တပ်အနေနဲ့ လူစည်ကားရာ မြို့လယ်ကောင်မှာ ရှိတဲ့ ၁၉ လမ်းက ဘီယာဆိုင်တွေ၊ ကုန်စုံဆိုင်တွေကို အင်နဲ့အားနဲ့ ဝင်ရောက်ပြီးတော့ မြန်မာဘီယာ ဘာဖြစ်လို့ မတင်တာလဲ၊ စစ်တပ် ထုတ်ကုန်တွေ ဘာဖြစ်လို့ မတင်တာလဲ။ ဒီဆိုင်က တော်လှန်ရေး လုပ်နေတာလားဆိုတဲ့ စွပ်စွဲမှုမျိုးတွေ အကြမ်းဖက်မှုမျိုးတွေနဲ့ ဝင်ရောက်ခဲ့တယ်လို့ ကျနော်တို့ သိရတယ်။ ဝင်ရောက်ပြီးတော့ ဆိုင်တွေမှာ မြန်မာဘီယာတွေ တင်ဖို့၊ မြန်မာဘီယာနဲ့ တခြားသော စီးပွားရေးပြစ်ဒဏ် ခတ်ထားတဲ့ ကုန်ပစ္စည်းတွေ တင်ဖို့ အတင်းဖိအားပေးသွားတာရှိပါတယ်။ ဘယ်လို ခြိမ်းခြောက်မှုကြောင့် တင်ထားရပါစေ။ ဈေးဝယ်သူ မိဘပြည်သူ မဝယ်ဘူး မသုံးဘူးဆိုရင် အကြမ်းဖက် စစ်တပ်ကတော့ ဆက်လက်ပြီး ရှုံးနေမှာပါပဲ။ အခုလည်း ရှုံးနေလို့ ဖိအားပေးတာ ဖြစ်ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် အားလုံးမှာရှိတဲ့ ဈေးဝယ်စင်တာ၊ စတိုးဆိုင်၊ ဈေးဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ စစ်တပ် ထုတ်ကုန်တွေ တင်ရောင်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲနဲ့ စည်ပင်တို့ကို စစ်ကောင်စီအဖွဲ့က လျှို့ဝှက်အမိန့်စာ ညွှန်ကြားထားတဲ့ စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဒီလိုခေါ်ယူ သတိပေးတာတွေက စစ်တပ်ထုတ်ကုန် အားလုံးကို နိုင်ငံအနှံ့ ပြန်လည် ရောင်းချဖို့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်မှူးကြီး ရာပြည့် ကိုယ်တိုင် ဦးဆောင် ညွှန်ကြားနေတဲ့ စီမံချက်လို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာဘီယာ သောက်တဲ့သူ နည်းတာကြောင့် ဆိုင်တွေက တင်မရောင်းတာလို့ အရက်ဘီယာ လက်လီလက္ကား ရောင်းချသူ တယောက်က ပြောပါတယ်။

"ရောင်းအားနည်းတဲ့အခါကျ သူတို့က မတင်တော့တာ။ သောက်တဲ့ လူငယ် တော်တော်များများကလည်း မြန်မာ (ဘီယာ) ကို အားမပေးဘူး။ ဆိုင်တွေ မတင်တာ။ အမှန် ၁၉ လမ်းက အရမ်းစည်တယ်လေ ညဘက်တွေဆို။ အဲ့တော့ သူတို့ပစ္စည်းကို မရောင်းရကောင်းလားဆိုပြီး အော်သံ သဲ့သဲ့တော့ ကြားတယ် ရောင်းရမယ်ဆိုပြီး။ သူတို့က အဓိက မဲနဲ့ ဆွဲတာပဲ ဘယ်သူက သိန်း ၃၀၀ ပေါက်သွားပြီတို့ ဘာတို့။ တချို့က လုံးဝ မသောက်ဘူး။ တိုက်ဂါးပြောင်းသောက်ကြရင်း အနိမ့်ဆုံးတော့ တိုက်ဂါး သောက်ကြတယ်။ သူတို့ဆိုင်တွေမှာ တိုက်ဂါးနဲ့ Chang ပဲ။ လမ်းထဲ ဝင်ရင်တောင် မြန်မာ ဘီယာဆိုင်းဘုတ်ကို မတွေ့ရဘူး။ အခုက တိုက်ဂါးတွေ များတယ်။"

တော်လှန်ရေး အင်အားစုတွေက စစ်တပ် အဓိက ထုတ်ကုန် ၈ မျိုးဖြစ်တဲ့ မြန်မာဘီယာ၊ Andaman Gold ၊ ဒဂုံဘီယာ၊ Mandalay Rum, Black Shield Stout, Army Rum, Red Ruby နဲ့ Premium Gold စီးကရက် အဲ့တံဆိပ်တွေကို မသုံးစွဲဖို့ တိုက်တွန်းနေတာပါ။

စစ်တပ်က အကုန်တင်ရောင်းဖို့ ပြောတာကြောင့် ရောင်းနေရပေမယ့် ပြည်သူတွေ မသုံးရင် မရောင်းရဘူးလို့ ရန်ကုန်မြို့က ဘီယာဆိုင် ပိုင်ရှင်တယောက်က ပြောပါတယ်။

"ရောင်းတော့ ရောင်းပေးရတာပေါ့။ ကိုယ်တွေက ဘီယာရောင်းတာဆိုတော့ အစုံရောင်းတာပေါ့။ တချို့ကျ အကြိုက်ချင်းက မတူကြဘူး။ တချို့ကျတော့လည်း မြန်မာသောက်တယ်။ တချို့ကျ တိုက်ဂါးမှ တိုက်ဂါး။ တင်တော့ တင်ပေးထားတာပေါ့။ သောက်တဲ့သူ ရှိတော့လည်း ရောင်းရတာပေါ့။ အများဆုံးကတော့ တိုက်ဂါးကို သောက်ကြတာပေါ့။ တချို့ကျတော့လည်း တိုက်ဂါး သီးသန့်ရောင်းတာရှိတယ်။ ဒါပေမဲ့ မြန်မာပုလင်းတွေတော တင်ပေးထားတာရပေ့ါ။ တချို့ကျ အကြိုက်ချင်း မတူဘူး။ ယှဉ်ထားလည်း အတူတူ လုံးဝ မသောက်ကြဘူး။"

စစ်တင်ဘာလအတွင်း ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ မြန်မာ ဘီယာ မရောင်းတဲ့ ဆိုင်ခန်း ၃၀ ကျော်ကို မြို့နယ် ထွေအုပ်နဲ့ စည်ပင်က ငွေကျပ် ၁၀ သိန်းထက် မနည်း ဒဏ်ကြေး ပေးဆောင်ခိုင်းခဲ့တယ်လို့ ဆိုင်ရှင်တွေဆီက သိရပါတယ်။

စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ My Tel ဆင်းမ်ကတ် အပါအဝင် အရက်၊ ဘီယာ၊ ဆေးလိပ် ကုန်ပစ္စည်းတွေ ကုန်စုံဆိုင်တွေမှာ မဖြစ်မနေ ရောင်းဖို့ ကြပ်မတ်ဆောင်ရွက်နေတဲ့ ညွှန်ကြားချက် စာတစောင်လည်း စက်တင်ဘာလ ပထမပတ်က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013