
ရန်ကုန်မှာ လုပ်နေတဲ့ သီတင်းကျွတ် ပြည်တွင်းထုတ်ကုန်ပစ္စည်းပြပွဲမှာ ပြသနေတဲ့ မြန်မာ့ရိုးရာဓား ပန်းပဲလက်မှုအနုပညာပြခန်းကို စစ်အာဏာရှင်ရဲ့ ရဲတပ်ဖွဲ့က အရေးပေါ် ပိတ်သိမ်းခိုင်းလိုက်တယ်လို့ သိရပါတယ်။
သီတင်းကျွတ် ပြည်တွင်းထုတ်ကုန်ပစ္စည်းပြပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အောက်တိုဘာ ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပနေတာပါ။
အဲဒီမှာ ခင်းကျင်းရောင်းချနေတဲ့ ရှမ်းနီဒေသထွက် ‘နောင်ပိုအောင်’ မြန်မာ့ရိုးရာဓားဆိုင်ဟာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ကနေတ စာရင်းပေးသွင်းပြီး ပါဝင်ပြသနေတာ ဖြစ်ပါတယ်။
‘နောင်ပိုအောင် မြန်မာ့ရိုးရာဓား ပန်းပဲလက်မှုအနုပညာ ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းအား အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းလိုက်ရပါကြောင်း အသိပေးတောင်းပန်အပ်ပါသည်’ လို့ ဆိုင်ပိုင်ရှင် ကိုသန့်ဇင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးတောင်းပန်ထားတာ တွေ့ရပါတယ်။
သူက ဆိုင်ပိတ်သိမ်းရတဲ့ အကြောင်းရင်းကိုတော့ အသေးစိတ် ရေးပြပြောဆိုထားတာ မတွေ့ရသေးပါဘူး။
ဒါပေမဲ့ ကိုသန့်ဇင်မောင် တင်ထားတဲ့ပုံတွေထဲမှာတော့ ရဲတပ်ဖွဲ့က ရဲမှူးချုပ်နဲ့ ရဲမှူးကြီးအဆင့်ရှိသူတို့ သူ့ရဲ့ဆိုင်ကို လာရောက်စစ်ဆေးနေတာကို တွေ့ရပါတယ်။
အဲဒီလို စစ်ဆေးခဲ့ပြီးတဲ့နော် ရန်ကုန်ရဲတပ်ဖွဲ့က ပိတ်ခိုင်းတာဖြစ်တယ်လို့ DVB က စုံစမ်းသိရပါတယ်။
အကြောင်းပြချက်က ရိုးရာပန်းပဲပညာဆိုပေမဲ့လည်း လူကိုသေစေလိုတဲ့ လက်နက်ပစ္စည်းတွေ ဖြစ်တာကြောင့် ပိတ်ခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။
ပုဂံညောင်ဦးဒေသမှာနေထိုင်တဲ့ ပန်းပဲပညာရှင် ကိုသန့်ဇင်မောင်ဟာ ရှမ်းနီရိုးရာ နောင်ပိုအောင်ဓားထုတ်လုပ်ရေး ရိုးရာပန်းပဲပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်ပါတယ်။











