DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ တင်ပို့မည့် ပြည်တွင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့် လျှောက်ထားနိုင်
DVB
·
October 27, 2022
တရုတ်နိုင်ငံသို့ တင်ပို့မည့် ပြည်တွင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့် လျှောက်ထားနိုင်
Donate to DVB

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာ့ပင်ရင်းထုတ်ကုန်တွေ အကောက်ခွန်သက်သာခွင့်အတွက် CO Form RCEP ကို လာမယ့် နိုဝင်ဘာ ၁ ရက်ကစပြီး စိစစ်ခွင့်ပြုထုတ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေးဦးစီးဌာနအောက်က သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးတွေနဲ့ ကုန်သွယ်ရေးစခန်းတွေမှာ နိုဝင်ဘာ ၁ ရက်ကစတင်ပြီး စိစစ်ခွင့်ပြုထုတ်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် သဘောတူစာချုပ်အရ Approved Exporter (အတည်ပြုပို့ကုန်တင်ပို့သူ) အဖြစ် လျှောက်ထားလိုတဲ့ ပို့ကုန်တင်ပို့သူတွေက Online CO Application System မှာ နိုဝင်ဘာ ၁ ရက်ကစပြီး လျှောက်ထားနိုင်တယ်လို့လည်း အသိပေး ကြေညာထားပါတယ်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး RCEP သဘောတူစာချုပ်က ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံကုန်သွယ်မှု သဘောတူစာချုပ်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတေြးလျ၊ နယူးဇီလန်နိုင်ငံတို့ ပါဝင်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး အသက်ဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်အသက်ဝင်ချိန်မှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်စည်လိုင်းအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ်ခွင့် ပြုရမှာဖြစ်ပေမဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က ဖွံ့ဖြိုးတိုးတက်မှု အဆင့်အရ ၃၀ ရာခိုင်နှုန်းကိုသာ ကင်းလွတ်ခွင့်ပေးရမှာပါ။

စာချုပ်အသက်ဝင်ပြီး ၁၀ နှစ်အကြာမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်စည်လိုင်း စုစုပေါင်း ၈၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ပြုရမှာဖြစ်ပေမဲ့ မြန်မာနဲ့ အဲဒီနှစ်နိုင်ငံကတော့ အချိန် ၁၅ နှစ်ထိ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

RCEP သဘောတူစာချုပ်ကို အဖွဲ့ဝင် ၁၅ နိုင်ငံတို့က အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြားမှာ ၂၀၂၂ မေလ ၁ ရက်က စတင်ပြီး အသက်ဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ စာချုပ်သဘောတူညီချက်အရ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်တဲ့အခါမှာ ကုန်စည်အမျိုးအစား ၆,၀၀၀ နီးပါးကို အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နဲ့ တင်ပို့နိုင်ပြီ ဖြစ်ပါတယ်။

အဲဒီကုန်ပစ္စည်းအမယ်တွေကတော့ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနဲ့စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၁၆၃ မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတုထွက်ကုန်နဲ့ လုပ်ငန်းသုံး ကုန်ပစ္စည်း ၁,၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည်ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည်အလိပ်နဲ့ စပ်လျဉ်းတဲ့ ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီး အပါအဝင် ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေနဲ့ ဘိလပ်မြေထွက်ပစ္စည်းတွေ၊ မှန်နဲ့ မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနဲ့ အဖိုးတန်ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနဲ့ သတ္တုအခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နဲ့ စက်ပစ္စည်းအစိတ်အပိုင်း ၁,၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနဲ့ သယ်ယူပို့ဆောင်‌ရေး အစိတ်အပိုင်းများ ၁၂၄ မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနဲ့ တူရိယာပစ္စည်း ၂၄၀ မျိုးတို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၅,၄၂၀ ဒသမ ၀၅၂ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆,၇၂၉ ဒသမ ၁၇၄ သန်း ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၅,၁၇၉ ဒသမ ၇၃၃ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄,၆၄၆ ဒသမ ၂၁၄ သန်းရှိပါတယ်။

၂၀၂၁−၂၀၂၂ မီနီဘတ်ဂျက် ၆ လမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၂,၀၀၈ ဒသမ ၂၂၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂,၂၉၇ ဒသမ ၆၁၅ သန်းရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သြဂုတ်လအထိ ၅ လအတွင်းမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁,၄၈၀ ဒသမ ၂၂၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂,၂၉၉ ဒသမ ၀၆၆ သန်း အသီးသီးရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013