DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ဆန်နှင့် ဆန်ကွဲ ပြည်ပအဝယ်လိုက်ပြီး ဈေးတက်
DVB
·
September 17, 2023
မြန်မာ့ ဆန်နှင့် ဆန်ကွဲ ပြည်ပအဝယ်လိုက်ပြီး ဈေးတက်
Donate to DVB

ကမ္ဘာ့ဈေးကွက်မှာ ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယက နိုင်ငံခြားကို ဆန်တင်ပို့တာ ကန့်သတ်လိုက်ပြီးနောက် မြန်မာနိုင်ငံက တင်ပို့တဲ့ ဆန်နဲ့ ဆန်ကွဲတွေကို ပြည်ပနိုင်ငံ‌တွေက အဝယ်လိုက်လာပြီး ဈေးမြင့်တက်လာတယ်လို့ ဆန်‌ကုန်သည် အသိုင်းအဝိုင်းက သိရပါတယ်။

အိန္ဒိယရဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနဲ့ ဗီယက်နမ်တို့လို့ ဆန်ထိပ်တန်း တင်ပို့တဲ့နိုင်ငံတွေရဲ့ ဆန်‌ဈေးနှုန်း‌တွေလည်း မြင့်တက်နေပြီး ပြည်ပဝယ်လက်တွေက မြန်မာ့ဆန်ကို တိုးမြှင့်ဝယ်ယူလာကြတယ်လို့ ဆန်ကုန်သည်တယောက်က ပြောပါတယ်။

"ပြည်ပ အဝယ်တိုးလာပါတယ်။ အိန္ဒိယပိတ်တော့ ဒီဘက်ကို နည်းနည်းတိုး ဝယ်လာကြပါတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဖော်ပြချက်အရ ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းရှိတဲ့ ဆန်ဖြူလုံးရှည် ၁ တန်ကို  ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းမှာ ၅၂၅ ဒေါ်လာသာ ဈေးရရှိခဲ့ပြီး လက်ရှိမှာ ကန်ဒေါ်လာ ၆၀၀ အထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဒါ့အပြင်  အခြားဆန်ကွဲပါဝင်မှုနှုန်း ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းရှိတဲ့  ဆန်ဖြူလုံးရှည် ဆန်အမျိုးအစားတွေကလည်း  ၁ တန်ကို  အနိမ့်ဆုံးဈေး ၅၅၅ ဒေါ်လာကနေ အမြင်ဆုံး ဒေါ်လာ ၅၉၀ အထိ ဈေးရရှိနေပြီး  ဩဂုတ်လပိုင်းက ၁ တန် အနိမ့်ဆုံး ၄၈၅ ဒေါ်လာကနေ ၅၂၅ ဒေါ်လာသာ ရှိခဲ့ပါတယ်။

ဆန်ဖြူလုံးရှည် ဧည့်မထ ၂၅ မတ်ဆန်ကလည်း  ဩဂုတ်လပိုင်းက ၁ တန်ကို အမြင့်ဆုံး ၄၇၅ ဒေါ်လာသာ ရှိခဲ့ပြီး လက်ရှိမှာ ၅၅၅ ဒေါ်လာထိ ဈေးရရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဖော်ပြထားတဲ့ ‌ဈေးနှုန်းတွေအရ သိရပါတယ်။

နိုင်ငံတကာ ဆန်ဈေးမြင့်တက်နေပေမယ့်  ပြည်တွင်းဆန်ဈေး အဆမတန် ထိုးတက်နေတာကြောင့် စစ်ကောင်စီကတော့ ဆန်တင်ပို့ခွင့် လိုင်စင်အသစ် ထုတ်ပေးတာကို ဆိုင်းငံ့ထားပြီး ၁၀၀ ရာခိုင်နှုန်း ဆန်လက်ဝယ်ရှိမှသာ တင်ပို့ခွင့် ပြုသွားမယ်လို့  သိရပါတယ်။

ဝါရင့် ဆန်ကုန်သည်တယောက်က “ပထမတော့ လိုင်စင်အသစ်ထပ် ထုတ်မပေးဘူးပေ့ါ။ လိုင်စင်အဟောင်းတွေတော့ ဆက်လက်တင်ပို့ခွင့်ရှိတယ်။ နောက် အခု ကြားတာကတော့  သူတို့က  ပြည်ပပို့ဖို့ ဆန်ဝယ်ယူထားပြီးရင်တော့ တင်ခွင့်ပေးမယ်ဆိုတဲ့ အစီအစဉ်မျိုးလည်း ရှိတယ်ဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် ရည်ညွှန်းဈေး သတ်မှတ်ပေးပြီး ဆန်ဈေးဆွဲချနေတာကြောင့် ကုန်စည်ဒိုင်တွေမှာ ဆန်အရောင်းအဝယ်အေးနေပြီး ပြင်ပမှာ မှောင်ခိုဈေးတွေနဲ့ အရောင်းအဝယ် ပြုလုပ်နေကြတယ်လို့လည်း ဆန်ဈေးကွက်အတွင်းက သိရပါတယ်။

စစ်ကောင်စီဟာ စပါးနယ်ကျော် သယ်ဆောင်မှု‌တွေအပေါ်လည်း စိစစ် တင်းကြပ်ထားပြန်ပါတယ်။

အခု ဘဏ္ဍာရေးနှစ် ပထမ ၄ လပတ်မှာ မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုကတာ့ ပြီးခဲ့တဲ့နှစ်ထက် ၅၆ ရာခိုင်နှုန်း‌ထိ လျော့ကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ပထမ ၄ လမှာ ပြည်ပတင်ပို့တဲ့ ဆန် တန်ချိန် ၇၃၀,၀၀၀ ကျော် ရှိခဲ့ပြီး အခုဘဏ္ဍာနှစ်မှာ တန်ချိန် ၃၂၀,၀၀၀ ဝန်းကျင် သာ ရှိခဲ့ပါတယ်။

အခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံ‌တွေကို ဆန်၊ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်း ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရည်မှန်းထားပြီး အဲဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိဖို့ မျှော်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013