DVB Logo
Home
မြန်မာသတင်း
မြောင်တွင် စစ်တပ် ၂ ရက်ဆက် တိုက်ခံရပြီး အကျအဆုံးများ
DVB
·
September 16, 2023
မြောင်တွင် စစ်တပ် ၂ ရက်ဆက် တိုက်ခံရပြီး အကျအဆုံးများ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများနေတယ်လို့ မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီ စစ်ကြောင်းဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကနေ စက်လှေ ၆ စီးနဲ့ မြစ်အနောက်ဘက်ကမ်းက မြောင်နယ် နေပူကုန်းရွာကို  ဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

မြောင် CDSOM အဖွဲ့က ကိုနွေဦးက “နဂါးပေါက်ရွာကို အ‌ယောက် ၅၀ တဖွဲ့၊ ဘုန်းကုန်းရွာကို အယောက် ၇၀ တဖွဲ့ ၊ စုစုပေါင်းစစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးတယ်ဗျ။ အဲလိုစစ်ကြောင်းထိုးတဲ့ စစ်ကြောင်းတွေကို မနေ့က ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက်က ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဗျ။ နဂါးပေါက်ရွာ အပြင်က ဘုရားဆောင်းတန်းမှာ တဖွဲ့နေတယ်။ နောက်ပြီး နဂါးပေါက်ရွာ ဆေးပေးခန်းမှာ တဖွဲ့ခွဲနေတာကို သိလို့ အဲနေရာတွေကို ရွေးချခဲ့တာဗျ။ နောက်ပြီး သူတို့ကို နောက်ကနေ လက်နက်ကြီးနဲ့ပစ်ကူပေးနေတဲ့နေရာတွေကိုလည်း ဒရုန်းနဲ့ထပ်ချခဲ့တယ်။ ချတဲ့ဗုံးသီးက စုစုပေါင်း ၆ လုံးချခဲ့တာဗျ။ အဲနေ့ကတော့ ခွေးတွေ အသေအပျောက် ရှိနိုင်တယ်ပေါ့။ အတိကျတော့မသိရဘူး။ အဲဒါက စက်တင်ဘာ ၁၄ ရက်နေ့က တိုက်ပွဲ အခြေအနေပါ” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တိုက်ခိုက်ခံရပေမဲ့ နောက်ကြောင်းပြန်မဆုတ်တာကြောင့် စက်တင်ဘာ ၁၅ ရက်နေ့မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

ကိုနွေဦးက “တိုက်ပွဲက မနက်ခင်း ၉ နာရီက စဖြစ်တာ။ ညနေ ၅ နာရီအထိ တိုက်ပွဲက မပြီးသေးဘူးဗျ။ ထုံးကြိုင်ရွာကနေ စထွက်လာတာကို ကျနော်တို့ဘက်က ကြိုတင်စောင့်ပြီး တိုက်ခိုက်ခဲ့တာဗျ။ တိုက်တာက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိပ်တိုက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ နောက်ပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်တာတွေ ပြုလုပ်ခဲ့တယ်။ အဲလိုတိုက်ခိုက်လို့ ခွေးတွေဘက်ကအကျဆုံးများပြီး နောက်ဆုတ်တယ်။ အဲလိုနောက်ဆုတ်တာကို ကျွန်တော်တို့ဘက်က နောက်ကနေလိုက်ပစ်တယ်။ အခုအချိန်အထိကတော့ စစ်ကောင်စီကဧရာဝတီမြစ်‌ကမ်းဘေးက ထုံးကိုင်ရွာမှာ ရောက်နေပြီဗျ။ ခွေးတွေကတော့ အထိခိုက်အကျဆုံးများတယ်။ ကျနော်တို့ မျက်မြင်တွေ့တာက အလောင်း ၂ လောင်း သယ်သွားတာမြင်ရသလို သူတို့ ဆုတ်လမ်းတလျှောက် သွေးကွက်တွေ အများကြီးတွေ့ရတယ်” လို့ ပြောပါတယ်။

အဲဒီလို အကျအဆုံးများတာကြောင့် စစ်ကောင်စီဘက်က ဧရာဝတီမြစ်အတိုင်း စစ်ကူလာပို့နေတာရှိသလို ကျောက်ရစ်စခန်းကနေလည်း စစ်ကူလာတာရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုတိုက်ပွဲကို မြောင် CDSOM၊ CDSOM 001၊ ‌မြောင်အနောက်ပိုင်း ဒရုန်းအဖွဲ့၊ ဆင်ရိုင်စစ်ကြောင်း မြောင်အဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ က တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ က တပ်ခွဲ ၃၊ မြောင်ပြည်သူ့တပ်မတော် MUA၊ မြင်းခြံခရိုင် တပ်ရင်း ၂ က PDF တလုပ်အဖွဲ့၊ မြင်းခြံ 21 အဖွဲ့၊ မြောင် HERO အဖွဲ့၊ မြောင်မြို့နယ် ပလဖအဖွဲ့၊ နဂါးပေါက်တိုက်နယ်ပကဖ၊ မြင်းမူမြို့ပြပြောက်ကျားအဖွဲ့ CRS၊ မြင်းခြံ LACR အဖွဲ့၊ နောင်ရိုးအဖွဲ့၊ WOLF BROTHER အဖွဲ့၊ ဒေါင်းစစ်သည်အဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အခုလို မြို့နယ်အတွင်းကရော တခြားမြို့နယ်က မဟာမိတ်တွေရော အင်အားကောင်းကောင်းနဲ့စုဖွဲ့ပြီး စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်က်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာ အကျဆုံးများရတာ ဖြစ်တယ်လို့လည်း ဒေသခံ ခေါင်းဆောင်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတာကြောင့် မြောင်မြို့နယ်အရှေ့ခြမ်းကဒေသခံတွေ စစ်ဘေးရှောင်နေရပြီး ဧရာဝတီမြစ်ရေကြီးမြင့်နေတာကြောင့် အခက်အခဲတွေ အများကြီး ကြုံနေရတယ် လို့လည်း ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013