DVB Logo
Home
နိုင်ငံတကာ
MFP ပါတီခေါင်းဆောင် ထိမ်းဖိထား ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက် 
DVB
·
September 15, 2023
MFP ပါတီခေါင်းဆောင် ထိမ်းဖိထား ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက် 
Donate to DVB

ပြီးခဲ့တဲ့မေလ ထိုင်းရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးအနိုင်ရထားတဲ့ လိမ္မော်ရောင် Move Forward Party ခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ဟာ ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၅ ရက် ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်ကနေ ကြေညာပါတယ်။ 

သူတို့ပါတီဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးအနိုင်ရပေမဲ့ စစ်တပ်ခန့်အမတ်တွေကြောင့် အစိုးရဖွဲ့ခွင့်မရဘဲ လက်ရှိအခြေအနေအရ အတိုက်အခံပါတီဖြစ်သွားခဲ့တာပါ။

လက်ရှိအခြေအနေအရ  အခြေခံဥပဒေတရားရုံးက သူ့ကိုလွှတ်တော် ကိုယ်စားလှယ်တာဝန် ဝတ္တရားကနေ ရပ်စဲထားတဲ့အတွက် ဖိထားဟာ လွှတ်တော်ထဲလည်းဝင်လို့မရ၊ အတိုက်အခံပါတီခေါင်းဆောင်လည်း လုပ်လို့မရဖြစ်နေပါတယ်။  

အတိုက်အခံပါတီဟာလည်း လွှတ်တော်ရဲ့ အရေးကြီးတဲ့အခန်းဏ္ဍမှာ ပါဝင်ပါတယ်။ အရည်အချင်းရှိ အစိုးရဖြစ်စေဖို့ အတိုက်အခံပါတီဟာ လှေဦးပဲ့ကိုင်သဖွယ် အစိုးရကို ဝေဖန်ထောက် ရှုရတယ်၊ ဒါကြောင့်သူတို့ MFP ပါတီအနေနဲ့ လွှတ်တော်ထဲမှာ အတိုက်အခံအဖြစ် အပြည့်အဝတာဝန်ထမ်းဆောင်နိုင်ဖို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေနဲ့ရော ပါတီဝင်တွေနဲ့ပါ ဆွေးနွေးတိုင်ပင်ပြီး  သူ့ကိုယ်စား သင့်တော်မယ့်သူတယောက်ကို ဥက္ကဋ္ဌအဖြစ် လမ်းဖွင့်ပေးတဲ့ အနေနဲ့ နုတ်ထွက်လိုက်တာလို့  ဖော်ပြထားပါတယ်။ 

သူ့အနေနဲ့ ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ပေမဲ့ ပျောက်မသွားကြောင်း၊ ဘယ်နေရာကပဲ နေရနေရ ပါတီနဲ့အတူလက်တွဲပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ပြည်သူ့အကျိုးကိုစွမ်းစွမ်းတမံဆောင် ရွက်သွားမယ်လို့ ဖိထားက ဆိုပါတယ်။

လာမယ့် စက်တင်ဘာ ၂၄ ရက် ဘန်ကောက် ဒင်ဒဲန်းနယ်မြေ အားကစားရုံအမှတ် ( ၂ ) မှာ “ တနိုင်ငံလုံးညီညီအနာဂတ်သို့လှမ်းချီ ” ဆိုတဲ့ခေါင်းစဉ်နဲ့ MFP ပါတီနဲ့ ပြည်သူတွေ့ဆုံပွဲရှိတယ်၊ အဲဒီမှာဆုံကြဖို့ အားလုံးကိုဖိတ်ခေါ်တယ်လို့လည်း ထိမ်းဖိထားက ရေးသားထားပါတယ်။ 

MFP ပါတီခေါင်းဆောင် ထိမ်းဖိထားဟာ စစ်အစိုးရက ခန့်ထားတဲ့ အထက်လွှတ်တော် အမတ်တွေဆီက ထောက်ခံမဲမရခဲ့တာကြောင့် ဝန်ကြီးချုပ်အဖြစ်က လွှဲခဲ့ရတဲ့အပြင် သူဟာ လွှတ်တော်ဥပဒေက ကန့်သတ်ထားတဲ့ iTV မီဒီယာထဲအစုရှယ်ယာပါဝင်မှု၊ သူ့ပါတီရဲ့ ပုဒ်မ ၁၁၂ ဘုရင့်နန်းတော်ဆိုင်ရာဥပဒေပြင်ဆင်မယ့်မူဝါဒဟာ  စည်းမျဉ်းခံဘုရင်စနစ်ပြိုလဲအောင်ကြိုးစားမှု စတဲ့အမှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့က သူဟာ အဆိုပါအမှုတွေနဲ့ လွတ်ကင်းကြောင်း ရွေးကောက်ပွဲကော်မရှင် ထံ ပြန်တင်ပြထားပေမယ့် အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်တစုံတရာကျမလာသေးပါဘူး။

အခြေခံဥပဒေတရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်တော့ သူဟာ ၁၀ နှစ်တာ နိုင်ငံရေး လုပ် ကိုင်ခွင့်ပိတ်သိမ်းခံရမှာဖြစ်ပြီး သူတို့ MFP ပါတီဟာလည်း ရုပ်သိမ်းခံရဖွယ်ရှိပါတယ်။ 

စွဲချက်အမျိုးမျိုးခံထားရတဲ့ သူ့အနေနဲ့ ပါတီခေါင်းဆောင်ကနေ နုတ်ထွက်ခြင်းအားဖြင့် ပါတီနဲ့ ပါတီ အမတ်တွေအပေါ် ထိခိုက်မှုလျော့နည်းသွားမှာ ဖြစ်ပါတယ်။ 

သူဟာ အခုလိုစစ်အာဏာရှင်လက်ဝေခံ အာဏာပိုင်တွေရဲ့ ဥပဒေလက်တလုံးခြားလုပ် ပညာပြတာ ခံနေ ရပေမဲ့ အမေရိကန်အခြေစိုက် တိုင်းမဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့အနာဂတ် ကိုစိုးမိုးမယ့် ဩဇာရှိတဲ့ ပုဂ္ဂိုလ်ပေါင်း ၁၀၀ ဦးစာရင်းထဲမှာ  တစ်ဦးအပါအဝင် အဖြစ် ရွေးချယ်ခံရပါတယ်။

နန်းမြနဒီ  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013