
ရီးရဲလ်မက်ဒရစ် ကစားသမားသုံးယောက်ဟာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် မိန်းကလေးတယောက်ရဲ့ လိင်ကိစ္စ ဗီဒီယိုဖြန့်ဝေမှုနဲ့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
စပိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Confidencial ရဲ့ ဖော်ပြချက်အရ အသက်မပြည့်သေးတဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ လိင်ဆက်ဆံမှု ဗီဒီယိုကို ရီးရဲလ် ကစားသမားသုံးယောက်ထဲက တယောက်ကနေ တခြားသူတွေဆီကို ဖြန့်ဝေခဲ့တာဖြစ်ကြောင်း ရဲစခန်းကို တိုင်ချက်ဖွင့်ထားခဲ့တာပါ။
အမည်ဖော်ပြမထားတဲ့ အဲဒီကစားသမားသုံးယောက်ဟာ ရီးရဲလ် မက်ဒရစ်အသင်းကလို့ဆိုပေမဲ့ အရန်အသင်း၊ လူငယ်အသင်းနဲ့ တတိယအသင်းတွေကလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဗီဒီယိုဖြန့်ဝေမှုမှာ ပထမအသင်းကြီးက ကစားသမားတွေ အပါအဝင် တခြားသူတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ရဲတပ်ဖွဲ့က သတင်းရင်းမြစ်ကို ကိုးကားပြီး စပိန်မီဒီယာက ဖော်ပြပါတယ်။
ဖမ်းဆီးခံထားရတဲ့ကစားသမားသုံးယောက်ကိုတော့ လတ်တလော စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
Photo-Reuters