DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှု ပိုမိုတင်းကျပ်ရန် ကုလလူ့အခွင့်ရေးကိုယ်စားလှယ် တိုက်တွန်း
DVB
·
September 14, 2023
စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှု ပိုမိုတင်းကျပ်ရန် ကုလလူ့အခွင့်ရေးကိုယ်စားလှယ် တိုက်တွန်း
Donate to DVB

အမေရိကန်အနေနဲ့ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က စက်တင်ဘာ ၁၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေအပေါ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက် သတ်ဖြတ် စစ်ရာဇဝတ်မှုတွေ ရက်ရက်စက်စက် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ အဓိက ဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူ ပိတ်ဆို့မှုတွေမှာ ထည့်သွင်းဖို့အတွက် တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရော ပြည်ပမှာပါ စစ်ကောင်စီကြောင့် ဒုက္ခရောက်နေရတဲ့ မြန်မာပြည်သားတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အဆင့်အသီးသီးမှာ အမေရိကန်နိုင်ငံက အနည်းဆုံး ထိန်းထားပေးဖို့ လိုအပ်တယ်လို့ ကုလအထူးကိုယ်စားလှယ်ဖြစ်သူ တွမ် အန်ဒရူးစ်က ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီးခဲ့တဲ့ဇွန်လမှာ အရေးယူမှုတွေ ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အန်ဒရူးစ်က ဝါရှင်တန်ကို ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ ဒီထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အန်ဒရူးစ် အနေနဲ့ အခုလို မှတ်ချက်ပေးပါတယ်။

“အရေးယူမှုတွေ ပိုမိုချမှတ်သွားဖို့ လိုအပ်နေပါတယ်။ အမေရိကန်နိုင်ငံက ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ တခုတည်းသော အကြီးမားဆုံး ဝင်ငွေရလမ်းအပေါ် ဆန်ရှင်တွေနဲ့အတူ ချက်ချင်းပိတ်ဆို့ဖို့ တိုက်တွန်းလိုပါတယ်။ ဒါဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကိုပါ” လို့ တွမ်အန်ဒရူးစ်က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သားတွေ သေဆုံးရမှုအပေါ် ရည်ညွှန်းကာ “ဒီဝင်ငွေတွေကို တားဆီးနိုင်မယ်ဆိုရင် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ကျူးလွန်နိုင်စွမ်းကိုပါ ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်” လို့ အန်ဒရူးစ် အနေနဲ့ အကြုံပြုပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူခွင့်ကို ပိတ်ဆို့ရာမှာလည်း တခြားနိုင်ငံတွေနဲ့အတူ ဝါရှင်တန်ကပါ လက်တွဲလုပ်ကိုင်ဖို့အတွက် အန်ဒရူးစ် အနေနဲ့ တိုက်တွန်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူပေါင်း ၃,၉၀၀ ကျော်အထိ သတ်ဖြတ်ခဲ့တယ်လို့ ခန့်မှန်းထားသလို အဲ့ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့လမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်ဆီဝယ်ယူမှုအတွက် အကူအညီပေးနေတဲ့ လူပုဂ္ဂိုလ်တဦးချင်းစီနဲ့ ပြည်ပကုမ္ပဏီတွေကိုပါ ဝါရှင်တန်က အရေးယူပိတ်ဆို့မှု ချဲ့ထွင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးရဲ့ ဦးစီးအရာရှိဖြစ်သူနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတို့ကို အမေရိကန်နိုင်ငံက ပစ်မှတ်ထားကာ ဒဏ်ခတ်ခဲ့ပါသေးတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တောင်းဆိုတိုက်တွန်းမှုတွေ ရှိနေပေမဲ့ ဒီ့ထက်ပိုမိုတဲ့ အရေးယူပိတ်ဆို့မှုမျိုးတော့ မရှိသေးပါဘူး။

ဒီလို ပိတ်ဆို့အရေးယူမှုတွေကို လျှော့ချနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေဟာ သောင်းကျန်းသူတွေအပေါ်မှာသာ ပစ်မှတ်ထားတာဖြစ်ကြောင်း စစ်ကောင်စီဘက်က ဆင်ခြေပေးပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အာဏာသိမ်းပြီးချိန်ကတည်းက အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံအထိ တန်ကြေးရှိတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တင်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရုရှားဆီကနေ မြန်မာစစ်တပ်က ဝယ်ယူထားတဲ့ Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ၂ စီး မြန်မာပြည်ကို ရောက်ရှိလာပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ အတိုက်အခံတွေအပေါ် ချေမှုန်းနိုင်ဖို့ ကြိုးပမ်းရာမှာလည်း တရုတ်နဲ့ ရုရှားတို့ကို အကူအညီပေးဖို့အတွက် တောင်းဆိုခဲ့တယ်လို့ ပြီးခဲ့တဲ့မေလက အစီရင်ခံစာတခုမှာ တွမ်အန်ဒရူးစ် အနေနဲ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Source- Reuters

Photo-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013