DVB Logo
Home
မြန်မာသတင်း
ရုရှားခရီးသွားများကို ဆွဲဆောင်ရန် ရုရှားနိုင်ငံသား ၃၀ ကို မြန်မာပြည် အလည်အပတ်ခေါ်ရန် စီစဉ်
DVB
·
September 14, 2023
ရုရှားခရီးသွားများကို ဆွဲဆောင်ရန် ရုရှားနိုင်ငံသား ၃၀ ကို မြန်မာပြည် အလည်အပတ်ခေါ်ရန် စီစဉ်
1 / 2
Donate to DVB

တခြားနိုင်ငံက ခရီးသွားတွေ လာရောက်လည်ပတ်မှု နည်းပါးနေချိန်မှာ ရုရှားခရီးသွားတွေကို ဆွဲဆောင်ဖို့ ရုရှားနိုင်ငံသား အယောက် ၃၀ ကို အကုန်ကျခံပြီး မြန်မာနိုင်ငံကို အလည်အပတ်ခေါ်ဖို့ စီစဉ်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ရှရှားနိုင်ငံက ခရီးသွားအေးဂျင့်တွေ၊ ခရီးသွားမီဒီယာတွေ၊ ဘလော့ဂါ‌တွေ အပါအဝင် သင့်လျော်သူတွေကို လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံဘက်က စရိတ်ကျခံခေါ်ယူပြီး ပြည်တွင်းခရီးစဉ်ဒေသတွေ အကြောင်းကို လှည့်လည် မိတ်ဆက်‌ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးက “ရုရှားရဲ့ Fam trip ကို လက်ခံဖို့ ဧည့်သည်တွေ၊ ဘလော့ဂါတွေ၊ ခရီးသွား စာရေးဆရာတွေကို လာဖို့ ဖိတ်ထားတာရှိတယ်။ ကျ‌နော်တို့ စရိတ်နဲ့ ဖိတ်ပြီးတော့ သူတို့ကို မြန်မာပြည်အကြောင်း လှည့်လည် လိုက်ပြမှာပေါ့ဗျာ။ အောက်တိုဘာလမှာ Fam trip ဧည့်သည် ၃၀ လောက်လာဖို့ အစီအစဉ် လုပ်ထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့် ခရီးသွားပွင့်လင်းရာသီ အောက်တိုဘာလမှာ ပြည်ပခရီးသွားတွေ တိုးတက်ဝင်ရောက်လာဖို့ အထူးသဖြင့် ရုရှားခရီးသွားတွေကို ပိုအားထား မျှော်လင့်နေပါတယ်။

ရှရှား-မြန်မာ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း ရရှားခရီးသွားတွေကို မြန်မာနိုင်ငံဘက်က ဗီဇာဖြေလျှော့ပေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမှာ ရှရှားဘာသာစကား တိုးတက်ကောင်းမွန်စေရေးအတွက် သင်တန်းတွေလည်း ဆောင်ရွက်ပေးနေပါတယ်။

ဝါရင့် ခရီးသွားလုပ်ငန်းရှင်တဦးက “ရုရှားနဲ့ တိုက်ရိုက်လေကြောင်းလိုင်း တပတ်နှစ်ခေါက် MAI လေကြာင်းလိုင်းက စပြေးဆွဲနေပြီလေ။ အခုလဆန်းမှ စတာဆိုတော့ ရှရှားခရီးသွား တိုးလာမယ် မှန်းထားတယ်။ ဟိုဘက်က ပဋိပက္ခတွေကတော့ ရှိပေမဲ့ ထိုင်းကို ရုရှားခရီးသွားတွေတချို့ လာတာရှိတယ်။ ဟိုတုန်းကလောက် မများပေမဲ့ လာနေတာပဲလေ။ အဲတော့ ကျနော်တို့ဆီကိုလည်း ထိုက်သင့်သလောက် လာမယ်လို့ မှန်းထားတယ်။ ဒါ့ကြောင့်မလို့ ကျနော်တို့ ပြင်ဆင်နေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုက ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က တနှစ်ကို သုံးသန်းကျော် လေးသန်းထိ ဝင်ရောက်ခဲ့ပေမဲ့ ကိုဗစ်‌ကပ်‌ရောဂါနဲ့ စစ်အာဏာသိမ်းမှု ပြီးနောက် မြန်မာနိုင်ငံရေးအခြေအနေနဲ့ ခရီးသွားဖို့ မသင့်တော်သေးဘူးဆိုတဲ့ သတိပေးချက်တွေကြောင့် တနှစ်ကို ပြည်ပခရီးသွား အရေအတွက် သိန်းဂဏန်းမျှသာ ဝင်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နာလန်မထူနိုင်အောင် ထိခိုက်ခဲ့ရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာနိုင်ဖို့ ရုရှား၊ တရုတ်နဲ့ အာဆီယံဒေသတွင်းက ခရီးသွားတွေကို ပိုမိုအားထားလာပါတယ်။

ဒါပေမဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တွေကတော့ မြန်မာ့ခရီးသွားလုပ်ငန်း နဂိုအခြေအနေကို ပြန်ရောက်ဖို့ အချိန်တခု စောင့်ရဦးမယ်လို့ ယူဆထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013