
စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာအကျဥ်းထောင်ရဲ့ အစာငတ်ခံဆန္ဒပြတဲ့ အကျဥ်းသားတွေထဲမှာ စက်တင်ဘာ ၁၁ ရက်က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ပါ ပါဝင်လာတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“နောက်ဆုံးရသတင်းမှာတော့ အစာငတ်ခံ ဆန္ဒပြသူ အရေအတွက် စုစုပေါင်း ၅၀ ထိ ဖြစ်လာတယ်။ အဲ့ ၅၀ ထဲမှာ မုံရွာသပိတ်က ဦးဆောင်သူ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ပါလာတယ်ခင်ဗျ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စက်တင်ဘာ ၈ ရက်ကစလို့ အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသား ၁၄ ယောက်က အစာငတ်ခံ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ၃ ဦးက ကိုယ်ခံအားလျော့နည်းကာ မူးလဲတာရှိပေမဲ့ ဆေးကုသခွင့် မရဘူးလို့ သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ထပ် အကျဥ်းသား ၃၆ ယောက်က အစာငတ်ခံ ဆန္ဒပြတဲ့အထဲ ပါဝင်လာကာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် ၅၀ ဦးထိ ရှိလာပြီလို့ သိရပါတယ်။
ဆန္ဒပြတောင်းဆိုရတဲ့ အကြောင်းအရင်းက အထူးရှာဖွေရေးမှာ သိမ်းဆည်းထားတဲ့ အကျဥ်းသားတွေရဲ့ ပစ္စည်းတွေ ပြန်လည်ပေးအပ်ဖို့၊ ပြင်ပက ထောင်ဝင်စာပို့တာတွေကို ကန့်သတ်ခြင်းမရှိဘဲ လွတ်လပ်စွာ ပေးပို့ခွင့်ပြုဖို့၊ အစာငတ်ခံ ဆန္ဒပြတဲ့ အကျဥ်းသားတွေရဲ့ ကျန်းမာရေးကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးဖို့ စတဲ့ အချက် ၃ ချက်ကို တောင်းဆိုနေကြတယ်လို့ သိရပါတယ်။