DVB Logo
Home
မြန်မာသတင်း
ပုလဲ၊ ဆားလင်းကြီးနှင့် ဘုတလင်မြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား
DVB
·
September 11, 2023
ပုလဲ၊ ဆားလင်းကြီးနှင့် ဘုတလင်မြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်ရှောက်ရွာအနီးနဲ့ ကျွန်းဘိုကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံ  စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီခွဲက တိုက်ပွဲဖြစ်ပွားနေ တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ပုလဲမြို့အတွင်းကနေ မနက်ခင်း ၅ နာရီခွဲက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ အင်အား ၈၀ လောက်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူခေါ်လို့ နမခကနေ လေကြောင်းကနေ လာပစ်သွားတယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ကိုဥက္ကာက “လေယာဉ်နဲ့ပစ်တာကတော့ အခု ၁ နာရီ‌ခွဲက စပစ်တာ၊ ၂ နာရီနဲ့ ၄၈ မိနစ်ကြမှ နောက်ပြန်‌ခေါက်သွားတာဗျ။ ပစ်တဲ့နေရာက နွယ်ရှောက်ရွာနဲ့ ကျွန်းဘိုကုန်းရွာကြားမှာ ပစ်သွားတာ။ တိုက်ပွဲက သူတို့ ပုလဲကနေ ဇောင်ခြမ်းကုန်းဘက်ကို စစ်ကြောင်းစထိုးလာတယ်ပေါ့။ အဲဒါကို ကျနော်တို့ဘက်က သူတို့လာမယ့်လမ်းကြောင်းကို သိတယ်။ အင်မထီးပျူရွာက ရိက္ခာပြတ်နေတာလေ။ အဲဒါကို ဒေသခံတွေဆီက ရိက္ခာလုပြီး အင်မထီးပျူကိုသွားမယ့်အဖွဲ့ ဆိုတာကို သိလို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားတယ်။ နွယ်ရှောက်ရွာ အရှေ့ဘက်အနီးမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ပစ်ခတ်တာ ဖြစ်သေးတယ်ဗျ။ အဲ့တိုက်ပွဲနေရာက စခတွေ အကျများပြီး ရှေ့ဆက်တိုးလို့မရတော့ ဒီကောင်တွေ လေကြောင်းပစ်ကူ ခေါ်တာပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲမှာ PDF ရဲဘော်တွေကတော့ လတ်တလော ထိခိုက်တာမရှိသေးကြောင်းနဲ့ လေယာဉ်နဲ့ပစ်လို့ အရပ်သားထိခိုက်မှု ရှိမရှိကတော့ စစ်ကြောင်းက နွယ်ရှောက်ရွာမှာပဲ ရှိသေးတာမို့ အတည်ပြုလို့ မရနိုင်သေးဘူးလို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကြောင်းဟာ တပ်မ ၇၀၃၊ ၇၀၈ အထူးတပ်ဖွဲ့ဖြစ်ပြီး စက်တင်ဘာ ၆ ရက်က ဆားလင်းကြီးမြို့ကနေ စတင်စစ်ကြောင်းထိုးလာကာ စက်တင်ဘာ ၉ ရက်မှာ ပုလဲမြို့နယ်အတွင်းကို ရောက်ရှိလာတာဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုကို ပုလဲမြို့နယ်အတွင်းက တပ်ရင်းတပ်ဖွဲ့တွေ၊ LPDF စုပေါင်းပြီး အဖွဲ့ A၊ B၊ C လို ထပ်မံအဖွဲ့ခွဲကာ တိုက်ခိုက်ကြသလို BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ကလည်း တိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ‌ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်းကနေ စက်တင်ဘာ ၁၀ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆားလင်းကြီး သတင်းမှန်ပြန်ကြားအဖွဲ့က ပြောပါတယ်။

ဆားလင်းကြီး သတင်းမှန်ပြန်ကြားအဖွဲ့မှ ကိုဩက “စစ်ကောင်စီမော်တော်က ရေစကြိုဘက်ကနေ ဆန်တက်လာတဲ့ မော်တော်ဗျ။ ဘယ်နှစ်စီးလဲ ဆိုတော့ တစီးတည်းပါ။ သူတို့က မြစ်ကမ်း‌ဘေးတွေကို ပစ်ခတ်လာတာ။ အဲလိုပစ်ခတ်လို့ ဆားလင်းကြီးမြို့နယ် ဖောင်းကတာရွာက ဒေသခံ အရပ်သား ၃ ဦး ကျည်ထိမှန်ခဲ့တယ်။ တယောက်ကတော့ ညပိုင်း ၇ နာရီလောက်က ဒဏ်ရာပြင်းထန်ရပြီး ဆေးကုသနေတုန်း ဆုံးသွားတယ်။ အသက်က ၆၈ နှစ် အမျိုးသမီးပါဗျ။ ကျန်တဲ့အမျိုးသားနဲ့ အမျိုးသမီးကတော့ ဆေးကုသပေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်အတွင်းကနေ လက်နက်၊ ခဲယမ်း၊ ရိက္ခာ သယ်ယူတာတွေ ပြုလုပ်တိုင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ချင်တွင်းမြစ်ကမ်းဘေးရွာတွေကို အခုလို ပစ်ခတ်လေ့ ရှိတာကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရတာတွေ ရှိပြီး ဘုန်းကြီး‌ကျောင်းနဲ့ ဘုရားစေတီတွေလည်း ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာတော့ မြို့ပေါ်ရှိ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို စက်တင်ဘာ ၉ ရက် ညနေ ၅ နာရီကျော်လောက်မှာ ဘုတလင်ဒေသခံ ပြည်သူ့ကာကွယ်ရေးညီနောင်များနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

Chindwin Brother အဖွဲ့ တာဝန်ရှိသူက “ချတာကတော့ ပေါက်ကွဲအားပြင်းတဲ့ ဗုံးသီး ၆ လုံးနဲ့ ဒရုန်းအသုံးပြုချခဲ့တာဗျ။ သေတာကိုတော့ စုံစမ်းနေဆဲပဲ။ ကျနော်တို့ဘက်က ဒရုန်းနဲ့တိုက်လို့ စစ်ကောင်စီဘက်က လက်နက်တွေနဲ့ ပစ်ခတ်တာတွေတော့ ရှိတယ်ဗျ။ သူတို့ဘက်ကပစ်တာက တလွဲပစ်တော့ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီကို တိုက်ခိုက်နိုင်ဖို့ Chindwin Brother အဖွဲ့အနေနဲ့ အကူအညီလိုအပ်နေပြီး ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ အဖွဲ့တာဝန်ရှိသူက ထပ်မံပြောဆိုပါတယ်။

ဘုတလင်မြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မြို့ထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013