DVB Logo
Home
မြန်မာသတင်း
CDM ဆရာဝန် ဒေါက်တာဖြိုးသီဟ၏ ပီတိအိမ်စာအုပ်တိုက် ထုတ်ဝေခွင့်ပိတ်ခံရ
DVB
·
September 11, 2023
CDM ဆရာဝန် ဒေါက်တာဖြိုးသီဟ၏ ပီတိအိမ်စာအုပ်တိုက် ထုတ်ဝေခွင့်ပိတ်ခံရ
Donate to DVB

CDM ဆရာဝန် စာရေးသူ ဒေါက်တာဖြိုးသီဟ ပိုင်ဆိုင်တဲ့ ပီတိအိမ်စာပေရဲ့ ထုတ်ဝေခွင့်ရ အသိအမှတ်ပြုလက်မှတ်ကို စက်တင်ဘာ ၈ ရက်မှာ စစ်ကောင်စီဘက်ကနေ ရုပ်သိမ်းလိုက်တယ်လို့ ရန်ကုန်မြို့ စာပေထုတ်ဝေရေး အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေတိုက်တွေ ပိတ်သိမ်း၊ ထုတ်ဝေခွင့်လက်မှတ်တွေ အပိတ်ခံရတာတွေက ပီတိအိမ်စာပေ အပါအဝင် စာအုပ်တိုက် ၅ ခုအထိ ရှိသွားပြီ ဖြစ်ပါတယ်။

ပီတိအိမ်စာပေရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးထိခိုက်စေတဲ့ အကြောင်းအရာတွေ ရေးသားထုတ်လွှင့်ဖော်ပြခဲ့လို့ ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါက်တာဖြိုးသီဟရဲ့ လူမှုကွန်ရက်မှာ “ထုတ်ဝေခွင့်လိုင်စင် ပိတ်လိုက်တယ်ဆိုတာက ဒီစာအုပ်တိုက်နာမည်နဲ့ ဘာမှ ထပ်ထုတ်လို့မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျနော့်လုပ်ငန်းဖြစ်နေလို့ ပိတ်လိုက်တဲ့သဘောပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်စာအုပ်ဟောင်းတွေကိုပဲ ကုန်သွားရင် ပြန်ပြန်ရိုက်ပြီး သိုသိုသိပ်သိပ်နဲ့ ရောင်းနေတာပါ။ ဘာလုပ်ငန်းခွန်မှလည်း ဆောင်မနေပါဘူး။ တပည့်မတယောက်ကို လက်လွှဲထားခဲ့ပြီး သူကပဲ စီမံပေးပါတယ်။ အဲဒီ Passive income ဝင်ငွေနဲ့ ကျနော် ဒီမှာရပ်တည်တယ်။ လိုအပ်တဲ့ နေရာတွေကို လှူတယ်ပေါ့” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့မှ ထုတ်ဝေရေးပိုင်ရှင်တဦးက “အာဏာသိမ်းပြီးနောက်မှာ လိုင်စင်အပိတ်ခံရတာက ပီတိအိမ်နဲ့ဆို အားလုံး ၅ ခု ရှိသွားပါပြီ။ စာပေစိစစ်ရေးခေတ် ပြန်ရောက်သွားတဲ့ သဘောပါပဲ။ ကွာခြားတာက စာမူကြမ်းကြိုတင်ရတာနဲ့ စာအုပ်ထုတ်ပြီးမှ နမူနာစာအုပ် ပို့ပေးရတာပဲကွာတာ။ ဆရာဖြိုးသီဟက ပီတိအိမ်လို့ မထောင်ခင်ကတည်းက လူငယ်ကျန်းမာရေး၊ လိင်ပညာရေး၊ စိတ်ခွန်အားဖြစ်စေမယ့် စာ‌အုပ်လေးတွေ ထုတ်ထားတာ ရှိတယ်။ ဒါတွေက တကြိမ်ရိုက်နှိပ်ရင် တခါ ဝင်္ကဘာလမ်းက စာပေမှတ်ပုံတင်ရုံးမှာ တင်ပေးရတာမျိုးတော့ ရှိတယ်။ အပိတ်ခံရတဲ့ အဓိကအကြောင်းတွေထဲမှာ စစ်ကောင်စီ ထပ်တိုးလိုက်တဲ့ ထုတ်ဝေခြင်းဥပဒေပုဒ်မ ၆(ခ) အရ သတင်းပေးက သတင်းအတိအကျ ပေးလို့၊ ပုဒ်မ ၈(ခ) အရ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြခဲ့လို့ပဲ ထင်ပါတယ်။ Print ပုံနှိပ်စာ‌ပေမှာ လွတ်လပ်ခွင့်မရရင် ပိုလွတ်လပ်တဲ့ အွန်လိုင်းနယ်ပယ်ပဲ ရေးသူရော ဖတ်သူရော ပြောင်းသွားဖို့ များပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၂ ရက်ကလည်း Clover Book House ကံကောင်းခြင်း အိမ်ငယ်လေး စာအုပ်တိုက်ကို လိင်ညစ်ညမ်းအသားပေးစာပေ ထုတ်ဝေတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ဝေခွင့်ရလက်မှတ် ပိတ်သိမ်းခဲ့ပါတယ်။

ရိုဟင်ဂျာလူမျိုးအကြောင်းစာအုပ်ကို ဖြန့်ချိခဲ့တဲ့ လွင်ဦးစာပေတိုက်ကို စစ်ကောင်စီဘက်က မေလ ၂၈ ရက်မှာ ပိတ်သိမ်းပြီး ရှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်ဝါဒစာအုပ်ကို ပြန်ရိုက်နှိပ်ဖြန့်ချိခဲ့တဲ့ ရန်အောင်စာပေနဲ့ ဝင်းတိုးအောင် ပုံနှိပ်လုပ်ငန်းကိုလည်း စစ်ကောင်စီက ဧပြီ ၈ ရက်မှာ ပိတ်သိမ်း တရားစွဲဆိုခဲ့ကာ လိင်တူချစ်သူစာအုပ် My Possessive Step Bro ဖြန့်ချိထုတ်ဝေတဲ့ ရွှေလာဘ်စာပေကို စစ်ကောင်စီက ဧပြီလမှာပဲ ပိတ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013