
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဧည့်စာရင်းစစ်ဆေးမူတွေ ခပ်စိပ်စိပ်ပြန်လုပ်လာပြီး ဖမ်းဆီးငွေညှစ်တာတွေ ရှိလာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ကြီးတွေဆီ ဝင်ရောက်မယ့်အကြောင်း ထုတ်ပြောလာပြီးတဲ့နောက် စက်တင်ဘာလစကစလို့ ဧည့်စာရင်းစစ်ဆေးမှုတွေ ပိုလုပ်လာတာလို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက "အစဥ်လိုက်စစ်တာမဟုတ်ဘူး။ သူတို့သံသယရှိတဲ့ တိုက်ကိုပဲ ရွေးစစ်တယ်။ ဒီရက်ထဲတော့ ဆက်တိုက်ပဲ စစ်နေတာ၊ ဧည့်စာရင်းရက်ကျော်သူတွေဆို ဒဏ်ငွေသိန်းချီ ငွေညှစ်ခံရတယ်" လို့ ပြောပါတယ်။
ဧည့်စာရင်းစစ်ဆေးရာမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး ဧည့်စာရင်းရက်လွန်နေတဲ့ အိမ်တွေ၊ နယ်ခံစကစ သတင်းပေးတွေက တိုင်ကြားတဲ့အိမ်တွေကို အဓိကထား စစ်ဆေးနေတာလို့ ဆိုပါတယ်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ နေထိုင်သူတဦးက "ပြီးခဲ့တဲ့ရက်က ကိုယ့်အိမ်တအိမ်ပဲ ရွေးပြီး ဧည့်စာရင်းဝင်စစ်သွားတာ။ အိမ်ကလည်း ဧည့်စာရင်း တိုင်ထားပြီးသားဖြစ်နေလို့ တော်သေးတယ်။ ဒါတောင် အိမ်ထဲမွှေသွားသေးတယ်" လို့ ပြောပါတယ်။
ရပ်ကွက်အများစုက ဧည့်စာရင်းနဲ့ နေထိုင်ခွင့်ကို တပတ်၊ ဆယ်ရက်၊ နှစ်ပတ်အသီးသီးသာ သတ်မှတ်ပေးထားပြီး အိမ်ငှားနေသူတွေက မကြာခဏ ဧည့်စာရင်းပြန်တိုင်နေရသလို ဧည့်စာရင်း တိုင်တိုင်း ပေးရတဲ့ငွေ အပိုကုန်ကျရမူတွေ ရှိနေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဧည့်စာရင်းတိုင်ကြားရတဲ့စနစ်ကို အရပ်သားအစိုးရလက်ထက်က ဖျက်သိမ်းလိုက်ပေမယ့် စစ်အာဏာ သိမ်းလိုက်ပြီးတဲ့နောက် အဲဒီစနစ်ကို ပြန်ပြီးကျင့်သုံးလာတာလည်းဖြစ်ပါတယ်။











