
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ဒေသခံ ၅ ယောက် ဒဏ်ရာရပြီး ၁ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီဝန်းကျင်မှာ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းကနေ လက္ကူးကျေးရွာနဲ့ မဒေါင်ရွာကို လက်နက်ကြီးနဲ့ ၈ ချက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက္ကူးရွာသား အသက် ၂၃ နှစ်အရွယ် ကိုမြတ်ဖြိုးဝေရဲ့ ဝမ်းဗိုက်ကို အဲဒီလက်နက်ကြီးကျည်စ ထိမှန်တာကြောင့် သေဆုံးခဲ့ရပါတယ်။
ဒေသခံတယောက်က “ရွာသား တဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ အသက် ၃ နှစ်သားအရွယ် ကလေးလည်းပါတယ်။ ကလေးရဲ့အမေမှာကတော့ နားထင်မှာထိတယ်။ ကလေးရဲ့အဒေါ်မှာကျတော့ ဝမ်းဗိုက်မှာထိတယ်။ ကလေးရဲ့အဒေါ်က စိုးရိမ်ရဒဏ်ရာနဲ့ ပုလောဆေးရုံကို ပို့လိုက်ပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်လောက်က ပုလောမြို့နယ်၊ ကျောက္ကာရွာနားက ပင်လယ်ပြင်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး တိုက်ပွဲပြီးတဲ့နောက် စစ်ကောင်စီဘက်က ပုလောပိုင်နက် ရေပြင်မှာရှိတဲ့ ငါးဖမ်းလှေကြီး၊ လှေငယ် ၄၀ နီးပါးကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့၊ ည ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောကနေ လက်နက်ကြီး ၂ ချက်နဲ့ လက်နက်ငယ် ၅ ချက်ပစ်ခတ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။










