DVB Logo
Home
နိုင်ငံတကာ
G20  ထိပ်သီးအစည်းအဝေး ကျင်းပမည့်  နယူးဒေလီမြို့၌  လုံခြုံရေး တိုးမြှင့်ချထား
DVB
·
September 9, 2023
G20  ထိပ်သီးအစည်းအဝေး ကျင်းပမည့်  နယူးဒေလီမြို့၌  လုံခြုံရေး တိုးမြှင့်ချထား
Donate to DVB

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ ၂ ရက်ကြာ ကျင်းပမယ့် G20  ထိပ်သီးအစည်းအဝေးအတွက် နိုင်ငံခေါင်းဆောင်တွေ စက်တင်ဘာ ၈ ရက်မှာ စတင်ရောက်ရှိလာနေကြပြီး မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ချထားပါတယ်။

ထိပ်သီးစည်းဝေးပွဲအတွက် နယူးဒေလီမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို တပ်ဖြန့်ထားတာကြောင့် လူအသွားအလာ မရှိသလောက်ဖြစ်တဲ့ သရဲတစ္ဆေမြို့တော် ဖြစ်သွားပြီလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

အများအားဖြင့် မြို့လယ်ဧရိယာတွေက ဈေးဆိုင်တွေနဲ့ လမ်းအသွားအလာတွေကို ပိတ်ဆို့ထားပါတယ်။

တမြို့လုံးက ဈေးဆိုင်တွေကို ပိတ်ခိုင်းတာမဟုတ်ပေမဲ့ G20 ထိပ်သီးအစည်းအဝေး ကျင်းပဖို့ စီစဉ်ထားတဲ့ နယူးဒေလီရဲ့ ဗဟိုအုပ်ချုပ်ရေးနဲ့ စီးပွားရေးခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းတွေကို ၃ ရက်ကြာ ပိတ်ခိုင်းထားပါတယ်။

နယူးဒေလီရှိ ဆင်းရဲသားရပ်ကွက်တွေကိုလည်း ရှင်းလင်းနေပြီး ဒါဟာ အစိုးရမြေပေါ်မှာ တရားမဝင် ဆောက်လုပ်ထားတဲ့ ကျူးကျော်အိမ်တွေကို ဖယ်ရှားတာဖြစ်တယ်လို့ ဝန်ကြီးချုပ် မိုဒီရဲ့ ဖက်ဒရယ်အစိုးရက ပြောပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေဟာ မြို့တော်ဒေလီရှိ လမ်းတွေပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ ရာနဲ့ချီတဲ့ လေလွင့်ခွေးတွေကို ဝိုင်းဖမ်းပြီး ဂေဟာတွေဆီ ပို့ဆောင်ခဲ့ကြောင်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

အစိုးရအချက်အလက်တွေအရ မြို့တော်ဒေလီမှာ ခွေးလေခွေးလွင့် ၆၀၀၀၀ ကျော် ရှိပြီး သန်း ၂၀ ရှိတဲ့ ဒေလီလူထုထဲက အများအပြားက ကျွေးမွေးထားကြကာ မြို့တော်မှာ လူတွေ ခွေးကိုက်ခံရတဲ့ ဖြစ်ရပ်တွေကလည်း အဆန်းတကြယ် မဟုတ်တော့ပါဘူး။

နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် စစ်မှုအင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြမယ့်   G20 ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၉ ရက် ဒီနေ့ စတင်ကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှေ့စံ မိုဟာမက် ဘင်န် ဆလ်မန်တို့အပါအဝင် G20 အဖွဲ့ဝင်နိုင်ငံတွေမှ ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။

G20 ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပအစီအစဉ်အနေနဲ့လည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ အမေရိကန်၊ ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်၊ တူရကီနဲ့ ဂျာမနီတို့ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်က ပြောပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013