
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ ၆၁ တပ်ရင်းကို စက်တင်ဘာ ၇ ရက် ည ၈ နာရီ မိနစ် ၅၀ လောက်က ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အသံက ပထမအရင်ကြားရတာက အသံကျယ်လောင်ပြီး ပေါက်ကွဲသံပါ။ ပြီးတာနဲ့ တပ်ကနေ လက်နက်ကြီး ၆ ချက်လောက် ပြန်ပစ်ခတ်တယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က ပြန်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ရေးတံတားကြီးခြံတွေနားမှာ ၂ လုံး၊ ဘိုကလေးဘုန်းကြီးကျောင်းနားမှာ ၂ လုံး၊ ကျိုက်ဟင်းအိုးသုသာန်နားမှာ ၂ လုံး ကျရောက်ခဲ့ပေမဲ့ လူတွေထိခိုက်မှုတော့ မကြားသိရပါဘူး။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ပြီးခဲ့တဲ့ရက်က ခလရ ၆၁ တပ်ရင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခံထားရပြီးတဲ့အခါ အခု စစ်ကောင်စီတပ်ဘက်က PDF လှုပ်ရှားနယ်မြေဘက် မြေပြင်သတင်းလိုက်ပြီး ပြန်ပစ်တာပါ” လို့ ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရသလို ထိတွေ့တိုက်ပွဲတွေဟာ ရေးမြို့နယ် မြောက်ပိုင်းဒေသဘက်မှာ အများဆုံးဖြစ်ပါတယ်။
စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီက ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနဲ့ ကော့နွဲ့ကျေးရွာအကြားရှိ အံကလော်တံတားထိပ်၊ သရက်ခြံကို စစ်ကြောင်းထိုး ကင်းပုန်းဝပ်လာတဲ့ တပ်မ ၄၄ လက်အောက်ခံ စစ်တပ်ကို KNLA တပ်ရင်း ၁၈ နဲ့ ကျားဖြူစစ်ကြောင်း ပူးပေါင်းကာ ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တာမှာ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ပူးပေါင်းတပ်ဖွဲ့ကနေ သိရပါတယ်။










