DVB Logo
Home
မြန်မာသတင်း
၂၀၂၆ အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာအစား ဖိလစ်ပိုင်က တာဝန်ယူရန် အတည်ပြု
DVB
·
September 6, 2023
၂၀၂၆ အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာအစား ဖိလစ်ပိုင်က တာဝန်ယူရန် အတည်ပြု
Donate to DVB

၂၀၂၆ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက ရယူသွားမှာဖြစ်တယ်လို့  ဖိလစ်ပိုင်နိုင်ငံနဲ့  လက်ရှိအာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအစိုးရ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကှဋ္ဌ နေရာကို လက်ခံဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျုနီယာက စက်တင်ဘာ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာပြောသွားပါတယ်။

“ဖိလစ်ပိုင်ဟာ ၂၀၂၆ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌနေရာကို ဆက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကြေညာလိုက်ပါတယ်။ ကျနော်တို့ရဲ့ အာဆီယံအသိုင်းအဝန်း ပိုမိုခိုင်မာအားကောင်းလာအောင် ဆောင်ရွက်သွားမှာဖြစ်သလို ကဏ္ဍအသစ်တွေ တိုးတက်ဖြစ်ထွန်းလာရေးမှာလည်း အာဆီယံကို ကူညီသွားမှာဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အာဆီယံခေါင်းဆောင်တွေကို ပြောပါတယ်။

၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်က ရယူသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီကလည်း အတည်ပြု ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျ တာဝန်ယူရမယ့် ၂၀၂၆ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်က တစ်နှစ်စောပြီး လက်ခံဖို့ သဘောတူခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကရော  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရဘက်ကပါ တစုံတရာ သဘောထားထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မြန်မာ့အရေးမှာ ဘုံသဘောတူညီချက် ၅ ရပ်လို့ လူသိများတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာနိုင်ငံဘက်က လိုက်နာအကောင်အထည်ဖော်ခြင်း အနည်းငယ်မျှသာရှိခဲ့တာကို အဲဒီ အစည်းအဝေးမှာ အာဆီယံ နိုင်ငံခေါင်းဆောင်တွေက သဘောတူလက်ခံခဲ့ကြတယ်လို့လည်း ရတ်နိုမာဆူဒီက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၉ လတာ ကာလအတွင်း အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ အနေနဲ့ မြန်မာနိုင်ငံက အဖွဲ့ပေါင်းစုံနဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြုသဘောဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး တိုက်တွန်းနိုင်ဖို့ မျှော်လင့်ပြီး အာဏာရှင် မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးနဲ့ အဲဒီအစည်းအဝေးတွေ ပြုလုပ်ခဲ့တာလို့ အင်ဒိုနီးရှားက ပြောပါတယ်။

အာဆီယံအနေနဲ့လုပ်ခဲ့ဖူးတဲ့ အစည်းအဝေးတွေထဲမှာ အင်ဒိုနီးရှားရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးတွေဟာ အကြိမ်ရေအများဆုံးဖြစ်သလို ဖိအားအများဆုံးအစည်းအဝေးတွေလည်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ခွင့်မပေးဘဲ နိုင်ငံရေးအရကိုယ်စားမပြုတဲ့ မြန်မာနိုင်ကကိုယ်စားလှယ်တွေကိုပဲ ဆက်လက်တက်ရောက်ခွင့်ပြုဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြတယ်လို့  ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာတော့ အင်ဒိုနီးရှားဟာ လာအိုကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံကို  လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ အနေနဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီနောက် မလေးရှားဟာ ၂၀၂၅ ခုနှစ်ရဲ့ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက် လွှဲပြောင်းလက်ခံသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားအခြေစိုက် Jakarta Globe သတင်းက ပြောပါတယ်။

Photo Credit- President Office Philippines

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013