DVB Logo
Home
မြန်မာသတင်း
မတူပီ-ပလက်ဝ လမ်းရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ ဟားခါး-မတူပီ ကားလမ်း ပျက်စီးပြီး ကုန်ဈေးနှုန်းတက်
DVB
·
September 5, 2023
မတူပီ-ပလက်ဝ လမ်းရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ ဟားခါး-မတူပီ ကားလမ်း ပျက်စီးပြီး ကုန်ဈေးနှုန်းတက်
Donate to DVB

ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းကြောင်းပေါ်ရှိ ခလရ-၃၀၄ စစ်ကောင်စီ တပ်စခန်းဂိတ်ကို စက်တင်ဘာ ၄ ရက် မနက် ၈ နာရီခွဲလောက်မှာ Chinland Defence Force - Matupi (CDF - Matupi) က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF - Matupi ထံက သိရပါတယ်။

CDF - Matupi ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်းက “ကျနော်တို့ ဒီဂိတ်ကိုသွားပြီး ဝင်တိုက်တာ ဖြစ်ပါတယ်။ အချိန်အကြာကြီး တိုက်တာတော့ မရှိခဲ့ပါဘူး။ အဲဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်နေတာနဲ့ပဲ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားပြီးတော့ ပြန်ဆုတ်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကတော့ အနည်းဆုံး ၃ ဦး ထိခိုက်သွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရမယ်လို့ ခန့်မှန်းကြောင်းနဲ့  CDF တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ လုံခြုံတဲ့နေရာတွေဆီ ကောင်းမွန်စွာ ဆုတ်ခွာနိုင်တယ်လို့   ကိုနိုင်ဂျွန်ကိမ်းက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ CDF - Matupi က သတိပေးထားပါတယ်။

မတူပီမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို  မိုးသည်းထန်စွာရွာသွန်းပြီး လမ်းတွေပျက်စီးနေတာကြောင့် ဒေသတွင်းမှာ စားနပ်ရိက္ခာ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ချင်းပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မတူပီမြို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဟားခါး-မတူပီ ကားလမ်းမကြီး ဩဂုတ် ၁၅ ရက်မှာ ပျက်စီးသွားတဲ့အတွက် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ ဖြစ်ပါတယ်။

မတူပီ-ဟားခါး လမ်းမကြီး၊ လုံလှော်-ဇကမ်းအကြား ကားလမ်းမကြီး မြေပြိုကျခဲ့တဲ့အတွက် ကား၊ ဆိုင်ကယ် စတဲ့ယာဉ်တွေ သွားလာလို့မရတော့ဘဲ ကုန်ပစ္စည်းသယ်ယူဖို့ ခက်ခဲနေတာပါ။

အခြေခံစားသောက်ကုန်တွေကို​တော့ တောလမ်းတွေကနေ ဆိုင်ကယ်နဲ့ရော လူအင်အားနဲ့ပါ တနိုင်တပိုင် သယ်ယူနေရတဲ့အတွက် စျေးကြီးပေးဝယ်နေရတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

မတူပီဒေသခံတဦးက “လမ်းပျက်စီးတာက အတော်များလို့ တော်ရုံပြင်နိုင်ဖို့ မလွယ်သေးပါဘူး။ အခုရက်ထဲ တိုက်ပွဲကလည်း ပြန်ဖြစ်နေတော့ လမ်းက ပြန်ကောင်းဦးမယ် မထင်ပါဘူး” လို့ ပြောပါတယ်။

မတူပီမှာ လက်ရှိ ဓာတ်ဆီတလီတာကို ကျပ် ၅,၀၀၀ ၊ ပေါ်ဆန်းမွှေးတအိတ်ကို ကျပ် ၁၃၀,၀၀၀ ဝန်းကျင်၊ စားသုံးဆီတလီတာကို ကျပ် ၁၀,၀၀၀ အထိစျေးကြီးပေးဝယ်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013