DVB Logo
Home
မြန်မာသတင်း
သတ်မှတ်စျေး မရောင်းပါက အရေးယူမည်ဟု ကြေညာထား၍ ဆန်အရောင်းအဝယ်အေး
DVB
·
September 4, 2023
သတ်မှတ်စျေး မရောင်းပါက အရေးယူမည်ဟု ကြေညာထား၍ ဆန်အရောင်းအဝယ်အေး
Donate to DVB

ပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေကို စစ်ကောင်စီက ရည်ညွှန်းဈေး သတ်မှတ်လိုက်ပြီး အဲဒီဈေးအတိုင်း မရောင်းဘူးဆိုရင် အရေးယူမယ်လို့ ကြေညာလိုက်တာကြောင့် လတ်တလော ဆန်ဈေးကွက် အရောင်းအဝယ် အေးနေတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ငွေကျပ် ၂ သောင်းတန် ထွက်ပြီးနောက်ပိုင်း ပြည်တွင်းမှာ အခြေခံ စားသောက်ကုန် အပါအဝင် ဆန်၊ ဆီ ဈေးနှုန်းတွေ တက်ခဲ့ပြီး စစ်ကောင်စီက ရွှေဈေး၊ ဒေါ်လာဈေးတွေ အပါအဝင် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာဟာ မသမာသူတွေ ဈေးကစားတာကြောင့်လို့ ပြောဆိုပါတယ်။

ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်နဲ့ ဝါးတန်း ကုန်စည်ဒိုင်တို့မှာလည်း စစ်ကောင်စီရဲ့ သတ်မှတ်ဈေးအတိုင်း ရောင်းချတာရှိသလို ဈေးကွက်အတွင်းမှာလည်း လက်လီရောင်းဈေးက တမျိုးရှိတယ်လို့ ဆန်လက်လီလက္ကား ရောင်းချသူတွေက ပြောပါတယ်။

ဆန်လက်လီလက္ကား ရောင်းချသူတယောက်က “အလုပ်ဖြစ်လားဆိုတော့ လောလောဆယ်တော့ သိပ်မဝယ်ကြသေးဘူးပေါ့။ အဲ့ဈေးတန်းနဲ့ပေါ့။ တသိန်းနဲ့ အဆင်ပြေအောင် ရောင်းဆိုတော့ တသိန်းနဲ့ရောင်းပေါ့။ ကုန်စည်ဒိုင်ဈေးပေါ့။ အခု လောလောဆယ်တော့ အရောင်းပါးတယ်။ မရောင်းရသေးဘူး။ အရောင်းတွေ မပိတ်ရဘူး ပြောတယ်။ အရောင်းတော့ မပိတ်ခံဘူး။ တသိန်းဆိုတဲ့ဆန်က လောလောဆယ် ဝယ်လို့ မရသေးဘူးလေ။ ကျမတို့ဆီရှိတဲ့ဟာကို အရှုံးခံရောင်းတာပေါ့။ ဆန်တွေလည်း ကုန်စည်ဒိုင်မှာ မရှိကြဘူး။ လက်ရှိ အဆင်မပြေဘူးပေါ့။ ရောင်းရတာ။ အရောင်းအဝယ်လည်း ပါးသွားတယ်။ မရောင်းရဘူး။ အကုန်လုံးက စောင့်ကြည့်ကြတာပေါ့။ အဲ့ဈေးသတ်မှတ်ရင် ရေရှည်မှာ အဲ့ဈေးဖြစ်သွားမလား စောင့်ကြည့်တာလည်း ပါတယ်။ အချိန်တခုဆီတော့ စောင့်ရမှာပေါ့။ ဒီအတိုင်း ပုံမှန်သွားမယ်ဆို နာမှာပေါ့။ ဝယ်ထားတဲ့စပါးဈေးနဲ့ ဆန်ဈေးက မကိုက်ဘူး။ ဟိုးအရင်ကတည်းက ဝယ်ထားတာသူတွေတော့ ကိုက်ချင်ကိုက်မှာပေါ့။ အခုမှ ဝယ်ပြီး ကြိတ်လိုက် ရောင်းလိုက်သမားက မိနေဦးမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ် ၂၈ ရက်ကစလို့ ဆန်ကုန်သည်တွေအနေနဲ့ ရန်ကုန်မြို့ ဝါးတန်း ဆန်စပါး ကုန်စည်ဒိုင်ကို ဆန်တင်ပို့ရောင်းချရမှာ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၁၂၅,၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်းအုပ်စုဝင် ဆန်တအိတ်ကို ကျပ် ၉၀,၀၀၀ ကနေ ၁၀၀,၀၀၀ ထက်မပိုတဲ့ ဈေးနဲ့ ရောင်းချရမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီက သြဂုတ် ၂၅ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။

လက်ရှိ လက်လီဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းဆန် တအိတ်ကို ၁၆၀,၀၀၀ ကျော်၊ ဧရာဝတီပေါ်ဆန်း အမျိုးအစား ဆန်တအိတ်ကို ၁၂၀,၀၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ ပြီးခဲ့တဲ့လကထက် ဆန် ဆီ ဈေးနှုန်းတွေ သောင်းဂဏန်း မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့လက ကျမတို့စားတဲ့ ဆန်ဆို ပေါ်ဆန်းအမျိုးအစားပဲ။ ပုသိမ်ပေါ်ဆန်းတို့ ရွှေဘိုပေါ်ဆန်းတို့တော့ မဟုတ်ဘူး။ ပေါ်ဆန်းအမျိုးအနွယ်ပဲ။ တအိတ်ကိုဆို ပြီးခဲ့တဲ့လက ၉၈,၀၀၀ ပေးရတယ်။ ဒီလမှာဆို ၁၁၀,၀၀၀ ပေးဝယ်ရတယ်။ အရင်က ဈေးတက်ရင် ၁၁၀,၀၀၀ အကွာ မတက်ဘူး။ ၂၀၀၀ လောက်ပဲတက်တာ။ အခုကကျ ဒီလမှာ အများကြီး တက်သွားတာပေါ့။ ဒါက ကျမတို့ မိသားစု ၆ ယောက် ကုန်တာပေါ့။ အရင်တုန်းက ပုံမှန် ၂,၀၀၀ တက်တာ။ ၉၈,၀၀၀ မတိုင်ခင်က ရှေ့လဆို ၉၆,၀၀၀၊ မတက်ဘူးတော့ မဟုတ်ဘူး တက်တယ်။ အခု ဒီလကျ သောင်းဂဏန်းထိ တက်သွားတယ်။ ကုန်ခြောက်ဆိုရင်လည်း တလစာ ချိန်တယ်။ ကုန်ခြောက်ဆိုင်တွေမှာ ကျမတို့ရှင်းရတဲ့ ပမာဏက ရှေ့လကဆို ၇၆,၀၀၀ ကျတယ်။ ဒီလလည်း ကျရော ၉၀,၀၀၀ ကျော်ကျတယ်၊ ၂၀,၀၀၀ နီးပါး ကျတာပေါ့။ အရင်က ဆီတဘူး ၅,၈၀၀ ဈေးက ၇,၀၀၀ ကျော် တက်သွားတာပေါ့” လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။ (၇၆,၀၀၀၊ ၉,၀၀၀၊ ၂၀,၀၀၀ ဆိုတာ လွဲနေသလားလို့ပါ)

လတ်တလော အခြေအနေအရ စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးအတိုင်း ပြင်ပမှာ ရောင်းချဖို့ အဆင်မပြေဘဲ ကုန်သည်တွေက ဆန်ကို အရည်အသွေးချ၊ အရောအနှောနဲ့ လက်သိပ်ထိုး ရောင်းတာမျိုးတွေ ဖြစ်လာရင် စားသုံးသူအနေနဲ့ ပိုပြီးနစ်နာမယ်လို့ ဆန်ကုန်သည်တွေက မှတ်ချက်ပေးပါတယ်။ စားသုံးဆီအပိုင်းမှာတော့ မှောင်ခိုဈေးကွက် ပိုကြီးလာမယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီက ဆန်ဈေး ထိန်းညှိနိုင်ဖို့အတွက် လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ပြည်ပဆန်တင်ပို့မှုကို လျှော့ချ ကန့်သတ်သွားဖို့ စီစဉ်နေပြီး မကြာခင် မိုးစပါးပေါ်ချိန် ရောက်တော့မှာဖြစ်လို့ နောက်ပိုင်းမှာ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်း ပြောဆိုတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013