
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ရဲကင်းစခန်းတခုကို စက်တင်ဘာ ၁ ရက် မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်တဲ့ ရဲကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒေသခံ အမျိုးသားတဦးက “ကျောက်ကြီးရဲကင်းစခန်းမှာက စစ်တပ်ကော ရဲကောထိုင်တယ်။ မနက် ၃ နာရီလောက်က စပြီး ကေအိုင်အေ နဲ့ PDF က ဝင်တိုက်တာ။ မနက် ၅ နာရီလောက်မှာ ကေအိုင်အေက စခန်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ဘက်က ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ လက်နက်တွေလည်း ရလိုက်တယ်။ စခန်းသိမ်းပြီး မနက် ၆ နာရီမထိုးခင်လေးမှာ ဂျက်လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီး ဗုံးလာကြဲသွားတယ်” လို့ ပြောပါတယ်။
ကျောက်ကြီးရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တောပုန်းကျေးရွာနဲ့ ကျောက်ကြီးကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကာ ထိခိုက်မှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်ကလည်း ကျောက်ကြီးကျေးရွာ ရဲကင်းစခန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါသေးတယ်။










