DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ သေဆုံးသွားသည့်စစ်သားကို မီးရှို့ အလောင်းဖျောက်
DVB
·
September 1, 2023
ခင်ဦးမြို့နယ်၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ သေဆုံးသွားသည့်စစ်သားကို မီးရှို့ အလောင်းဖျောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁ ရက်က သံလမ်းတလျှောက် လက်ပံလှ အနောက်ဘက် ရွာသန်းရွာ အရှေ့မြောက်ဘက်ကို တက်လာတဲ့ စစ်ကောင်စီ ခမရ ၇၀၁ တပ်က အင်အား ၁၀၀ ကျော် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ပကဖ ခေါင်းဆောင်နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အင်အားအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရကာ အထမ်းတွေနဲ့ ပေါက်တုံရွာဘက် ထမ်းသွားတာကို မြင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၃၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေ လောင်းရှည်ရွာ မြောက်ဘက်အဝင်မှာ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာတင် သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က အလောင်းကို သယ်မသွားတော့ဘဲ ရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်တလုံးထဲထည့်ကာ မီးရှို့ အလောင်းဖျောက်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “မီးရှို့ခံရတဲ့အိမ်အတွင်းမှ အရိုးခေါင်းနှစ်ခု မလောင်ကျွမ်းသေးတဲ့ ကလီစာတွေနဲ့၊ 5.56 ကျည်ဘောက်သုံးခုမှ စပရိန်သုံးခုကို တွေ့ရှိရတယ်” လို့ ပြောပါတယ်။

လောင်းရှည်ရွာ စာသင်ကျောင်းအတွင်း ဝန်ထမ်းအိမ်ရာ အဆောင်တခုကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လောင်းရှည်ရွာအတွင်း ညအိပ်စဥ် ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ ချက်ပြုတ် စားသောက်ကာ မိုင်းထိမှာကြောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့တင်တွေက “'PDF မင်းတို့ရွာ ပြာမကျချင်ရင် နောက်တခေါက် ပြန်လာရင် မိုင်းတွေမမြင်ချင်ဘူး အေးဆေးပဲနေပါကွာ” ဆိုတဲ့ တောင်းပန်စာ ရေးသားထားခဲ့တယ်လို့ ပြည်သူတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ခင်ဦးတောင်ဘက်ခြမ်းရှိ လောင်းရှည်၊ လက်ပံကြီး၊ လက်ပံလှ၊ ရွာသန်း၊ ပန်းတွင်း၊ ပေါက်တုံ၊ ဝန်းကြီး၊ ကျီးကန်၊ ရေအေးကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၈,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

သြဂုတ် ၃၀ ရက်ကလည်း အဲဒီစစ်ကြောင်း ခင်ဦးမြို့ဝင်ချိန် မြို့အနောက်ဘက် အဝင် ပျားဂေဟာမှာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်အဖွဲ့နဲ့ ရပ်ကျေးကာကွယ်ရေးအဖွဲ့တွေက မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက် အပြန်အလှန်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး ခင်ဦးမြို့ပေါ်မှ စစ်ကောင်စီတပ်က ကားတွေနဲ့ လာသယ်သွားတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ခင်ဦးမြို့အနောက်ဘက် ကံသာယာရွာကြားမှာလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့ကနေ ရွှေဘိုမြို့ကို ထောက်ပို့သွားတဲ့ စစ်ကောင်စီတပ်ကိုလည်း ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီက အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

မြန်မာတော်ဝင်နဂါး MRDA တပ်ခွဲ RTGF အဖွဲ့ တာဝန်ရှိသူက “ဒီစစ်ကြောင်းက အရင်စစ်ကြောင်းတွေသွားတဲ့ ပျဉ်ထောင်ရွာ၊ မဒေါင်းလှရွာတွေကနေ မသွားဘဲ ရေဦးကနေ ကျနော်တို့ ခင်ဦးမြို့နယ်ထဲက မကျည်းတုံရွာကို ဖြတ်ပြီးသွားတယ်။ ကျနော်တို့ သူတို့လာတဲ့ လမ်းကြောင်းကို အသင့်စောင့်နေပြီး ခင်ဦး-မုံရွာ ရထားမှာ ပစ်ခတ်ခဲ့တာဗျ။ သူတို့ ထင်မှတ်မထားတဲ့ နေရာကနေ အလစ်တိုက်ခံရတာဆိုတော့ စကစဘက်ကတော့ အထိနာတယ်ဗျ။ (--) ၄ ကောင်ကတော့ နေရာတင် သေဆုံးတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိဘူးဗျ။ ကျနော်တို့ဘက်ကတော့ စစ်ကောင်စီနဲ့ ကျည်အင်အားခြင်း မမျှလို့ အထိအခိုက်မရှိ တပ်နောက်ဆုတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ခင်ဦးမြို့နယ် လောင်းရှည်ရွာ၊ လက်ပံလှရွာဘက်ကို ဦးတည်ထွက်သွားပြီး ရွှေဘိုမြို့ကို သွားနိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

စစ်ကောင်စီဘက်က ၄ ဦး သေဆုံးတယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ပွဲကို MRDA စေတန်၊ RTGF၊ ဒေါင်းစစ်သည် UG အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013