DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ်၌ စစ်တပ်က ရွာသား ၁၀ ဦးကိုဖမ်းဆီး၊ ဝိုင်းမော်-လိုင်ဇာလမ်းတွင် တိုက်ပွဲဖြစ်
DVB
·
September 1, 2023
မိုးမောက်မြို့နယ်၌ စစ်တပ်က ရွာသား ၁၀ ဦးကိုဖမ်းဆီး၊ ဝိုင်းမော်-လိုင်ဇာလမ်းတွင် တိုက်ပွဲဖြစ်
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ၁၀ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး လမ်းမှာတွေ့တဲ့ အမျိုးသားတယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံထံက သိရပါတယ်။

မိုးမောက်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၃၀ ရက်မှာ အူထန်ယန်ကျေးရွာက ဒေသခံ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာတွေ့ရတဲ့ အမည်မသိ အမျိုးသားတဦးကို လက်ပြန်ကြိုးတုပ်ကာ ဓားနဲ့ထိုးသတ်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“စစ်တပ်စစ်ကြောင်းက မနက် ၈ နာရီလောက် ရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတယ်။ ရွာက လူ ၁၀ ဦးကို ပစ္စည်းသယ်ဖို့ဆိုပြီး လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်။ သူတို့စစ်ကြောင်း ထွက်သွားရင်းနဲ့ လမ်းမှာတွေ့တဲ့ အမျိုးသားတဦးကို လက်ပြန်ကြိုးတုပ် လည်ပင်းကို ဓားနဲ့လှီး၊ ဗိုက်ကို ဓားနဲ့ထိုးသတ်သွားပြီး ပစ်ထားခဲ့တယ်။”

ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၀ ဦးကို သြဂုတ် ၃၀ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီး စစ်ကြောင်းပစ်ခတ်ခံရတဲ့အတွက် အမျိုးသားတဦးကတော့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

ဒေသခံနောက်တဦးကလည်း “လူသားဒိုင်းအဖြစ် အဖမ်းခံရတဲ့သူတွေ ညနေပိုင်းမှာ ပြန်လွတ်လာတယ်။ အသက်ကြီးပိုင်း အမျိုးသားတဦးကတော့ စစ်ကြောင်းကိုပစ်တဲ့ လက်နက်ကြီးထိပြီး သေသွားတယ်။ မနက်မှ အလောင်းသွားကောက်ပြီး ဗန်းမော်ဆေးရုံကို ပို့ထားတယ်” လို့ ပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်ကလည်း မြို့သစ်ကျေးရွာနဲ့ နွမ်လန်းကျေးရွာ လမ်းတလျှောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး စီဟက်ကျေးရွာက ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်-လိုင်ဇာ လမ်းမကြီးပေါ်က ကဇူးယန်‌ေကျးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး သြဂုတ် ၃၁ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ရော လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ ကဇူးယန်ကျေးရွာအနီး ဆမားလမ်းခွဲမှာ သြဂုတ် ၃၀ ရက်က စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ကာ လေကြောင်းကနေ ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “စစ်တပ်နဲ့ ကေအိုင်အေက သြဂုတ် ၃၀ ရက်နေ့ကတည်းက ကဇူးယန်နားက ဆမားလမ်းခွဲမှာ တိုက်ပွဲဖြစ်နေတာ။ ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့နေရာကို စစ်တပ်က ကဇူးတပ်စခန်းကနေ လှမ်းပြီး လက်နက်ကြီးနဲ့ပစ်တယ်။ လေယာဉ်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာကို ငါးကြိမ်လောက်ရှိတယ် ဗုံးကြဲသွားတာ၊ နှစ်ဖက် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတော့ တိတိကျကျ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင်လက စတင်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာကာ ကဇူးယန်ကျေးရွာ တပ်စခန်းမှာ တပ်စွဲ နေထိုင်တဲ့အပြင် ဒေသခံတွေရဲ့ နေအိမ်တွေမှာပါ တပ်စွဲနေထိုင်နေပြီး ဒေသခံတွေကို နေအိမ်အပြင်မထွက်ဖို့ သြဂုတ် ၃၀ ရက်တည်းက အမိန့်ပေး တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကဇူးယန်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013