DVB Logo
Home
မြန်မာသတင်း
အန်စီအေ ပျက်ပြယ်မှုမရှိဟု အပစ်ရပ် ၅ ဖွဲ့ပြော၊  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၂၁ ချက် သဘောတူ
DVB
·
September 1, 2023
အန်စီအေ ပျက်ပြယ်မှုမရှိဟု အပစ်ရပ် ၅ ဖွဲ့ပြော၊  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၂၁ ချက် သဘောတူ
Donate to DVB

အန်စီအေစာချုပ်ဟာ တိုင်းရင်းသားပြည်သူအားလုံးအတွက် အနှစ်သာရရှိတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ လွှတ်တော်က အတည်ပြုပေးထားတဲ့ သဘောတူစာချုပ်ဖြစ်လို့ တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိဘူးလို့ အန်စီအေ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား  ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်မှာ ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီးနောက် မနေ့က သတင်းစာ ရှင်းလင်းပွဲကျင်းပရာမှာ ပြောကြားလိုက်တာပါ။

ဒေါ်စောမြရာဇာလင်းက အန်စီအေ စာချုပ်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား  တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်ကြောင်း၊ စာချုပ်မှာ အစိုးရကိုယ်စားလှယ်အဖြစ် သမ္မတနဲ့ ဒုတိယသမ္မတ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်နဲ့ ဒုတပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲ့မှ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ အသိသက်သေတွေလည်း ပါဝင်ခဲ့ ကြကြောင်း၊

ဒီစာချုပ်ကိုအခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဆောင်ရွက်ခဲ့ကြောင်း၊ အန်စီအေဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတဲ့ သဘောတူစာချုပ်ဖြစ်လို့ တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း၊ ဒါကြောင့် အန်စီအေမှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုအနေနဲ့ အန်စီအေကို ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့  NCA-S EAO ၅ ဖွဲ့ရဲ့  ထုတ်ပြန်ကြေညာချက်မှာလည်း အန်စီအေ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး စုံညီစွာပါဝင်နိုင်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တပေါင်းတစည်းတည်း ဆွေးနွေးနိုင်ရေး ကြိုးပမ်း အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ၃ ရက်တာအတွင်း စစ်ကောင်စီဘက်က ဆွေးနွေးတဲ့ အချက်တွေထဲမှာ UPDJC နိုင်ငံရေး ပါတီများအစုအဖွဲ့နဲ့ လေ့လာဆန်းစစ်ရေးအဖွဲ့တို့က အဆိုပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  ပြင်ဆင်လိုတဲ့ပုဒ်မတွေ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေနဲ့ EAO ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ရေးကိစ္စရပ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

NCA-S EAO ၅ ဖွဲ့ ဘက်ကဆွေးနွေးရာမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းအကောင်အထည်ဖော်ရာမှာ NCA-S EAO ကိုယ်စားလှယ်တွေပါဝင်ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်တွေ့ကျကျပါဝင်နိုင်ရေး၊ လက်ရှိပြည်တွင်း နိုင်ငံရေးနယ်ပယ်မှာ EAO တွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ရေး ၊ EAO အချင်းချင်း တွေ့ဆုံဆွေးနွေးခွင့်ရရေး၊ အောက်တိုဘာ ၁၅ ရက် အန်စီအေ လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝစွာနဲ့ ကျင်းပနိုင်ရေး၊ အန်စီအေ တရားဝင် တည်ရှိနေတာနဲ့ အန်စီအေရဲ့ အနှစ်သာရ ၃ ချက်ကို လက်တွေ့ကျကျအ ကောင်အထည်ဖော်ဖို့လိုအပ်နေတဲ့အကြောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကနေ ညှိနှိုင်းရရှိတဲ့ အခြေခံသဘောတူညီချက် ၄ ချက်နဲ့ ‌ရှေ့ဆက်ဆောင်ရွက်ရမယ့် ဘုံသဘောတူညီချက်မှတ်တမ်း ၅ ချက်ကိုလည်း နှစ်ဘက်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ထိုးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်တာဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက်  ပုဒ်မတွေထဲက  ၂၁ ချက်တို့ကို သဘောတူညီမှုရခဲ့တယ်လို့ စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပေမဲ့ ဘယ်အချက်တွေလဲဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

တိုင်းရင်းသား ၅ ဖွဲ့ဘက်ကတော့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှဥက္ကဋ္ဌ စောမြရာဇာလင်း၊ ကေအန်ယူခွဲထွက်အဖွဲ့ဖြစ်တဲ့  KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ စစ်ကွပ်ကဲရေးမှူး စောဘညိမ်းအောင်တို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲအတွက် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်တွေအရ အပြီးသတ်ရရှိတဲ့ သဘော တူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီ  ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ရှိရာမှာ လတ်တလော စစ်ကောင်စီနဲ့ ဆွေးနွေးသဘောတူခဲ့တဲ့ အဖွဲ့ ၅ ဖွဲ့ကတော့  စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေမဖြစ်တာ ဆယ်စုနှစ်တွေနဲ့ ချီရှိနေပြီဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်လေးတွေက အများစုဖြစ်ပါတယ်။ 

အန်စီအေ လက်မှတ်ရေးထိုးထားတဲ့  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ အန်စီအေဟာ   စစ်တပ်အာဏာစသိမ်းကတည်းက ပျက်သွားပြီး ဖြစ်တယ်လို့  ပြောကြားထားပါတယ်။

PHOTO-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013