
စစ်ကောင်စီက နိုင်ငံခြားငွေ ကိုင်ဆောင်၊ ရောင်းဝယ်မှုတွေကို ပိုမိုတင်းကျပ်ထားပြီး နိုင်ငံခြားငွေလဲကောင်တာတွေကို လိုင်စင်ပိတ်သိမ်း အရေးယူတာတွေလည်း မကြာခဏ လုပ်ဆောင်နေပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ အဖမ်းအဆီးကို စိုးရိမ်ပြီး တရားဝင်ငွေလဲကောင်တာ အများစုဟာ အရောင်းအဝယ် မပြုလုပ်ဘဲ ပိတ်ထားကြရတဲ့ အခြေအနေထိ ဖြစ်ပေါ်နေပါတယ်။
ဒေါ်လာရောင်းချလိုသူတဦးက “exchange တွေက ဒီရက်ပိုင်း ပိတ်ထားကြတာများတယ်။ တပတ်လောက်ရှိပြီ။ အဲတော့ ရောင်းချင်တာလည်း ရောင်းဖို့ခက်တယ်။ ဝယ်ချင်တဲ့သူကျလည်း ဝယ်ဖို့ခက်တာပေါ့” လို့ ပြောပါတယ်။
စျေးကွက်ထဲမှာ တရားမဝင် ဒေါ်လာအရောင်းအဝယ် လုပ်နေကြတဲ့သူတွေလို့ စွပ်စွဲပြီး အဖမ်းအဆီးတွေ လုပ်နေတာ၊ ငွေလဲစျေး မတည်ငြိမ်တာ စတဲ့အချက်တွေကြောင့် ဒေါ်လာ အရောင်းအဝယ်တွေ ရပ်တန့်သလောက် ဖြစ်နေရတာလို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး အကျိုးအမြတ်ရယူတာ၊ တရားမဝင် နိုင်ငံခြားငွေလဲလှယ်တာ အပါအဝင် တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှာဖွေပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ/လိုင်စင်မရှိဘဲ ဒေါ်လာကိုင်ဆောင်ရင်လည်း အရေးယူမယ်လို့ စာထုတ်ထားတဲ့အပြင် ဒေါ်လာဈေးနဲ့ ရွှေဈေး ထိန်းချုပ်နိုင်ဖို့ task force ဖွဲ့ပြီး ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လောလောဆယ်မှာတော့ ဗဟိုဘဏ်ရဲ့ တဒေါ်လာကို ရည်ညွှန်းပေါက်စျေးက ၂,၁၀၀ ကျပ်၊ ဗဟိုဘဏ် အွန်လိုင်းအရောင်းအဝယ်စနစ်ရဲ့ တဒေါ်လာ ငွေလဲနှုန်း ၂,၉၀၀ ကျပ် ဝန်းကျင်၊ အပြင်ပေါက်စျေးက ၃,၇၀၀ ကျပ်ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒေါ်လာဈေးနဲ့အတူ ထိုင်း ဘတ်ငွေဈေး၊ တရုတ် ယွမ်ငွေဈေးတွေလည်း လိုက်ပါ မြင့်တက်တာကြောင့် သွင်းကုန်အားထားနေရတဲ့ မြန်မာနိုင်ငံမှာ ပြည်ပက နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရတဲ့ စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေလည်း ဈေးနှုန်းမြင့်တက်နေပါတယ်။










