DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် တိမ်းရှောင်နေ
DVB
·
August 31, 2023
စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် တိမ်းရှောင်နေ
Donate to DVB

တရုတ်-မြန်မာနယ်စပ်၊ မူဆယ်နဲ့ နမ့်ခမ်းကြားရှိ စယ်လန့်ရွာမှာ ဩဂုတ် ၂၉ ရက် ညက စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပြီး မူဆယ်မြို့ပေါ်နဲ့ နမ့်စန့်ရွာတွေဘက် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် အရေးပေါ် အစားအသောက်နဲ့ အခင်းလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

အကူအညီပေးနေတဲ့ အရပ်ဘက်အဖွဲ့က ဆရာမ ၁ ဦးက “မူဆယ်မှာလည်း IDPs တွေ များလာတယ်။ အခု စွမ်စော် အောင်မင်္ဂလာဘုန်းကြီးကျောင်း၊ စွမ်စော် KBC ကျောင်း၊ ဟိုနား ဘုန်းကြီးကျောင်းတွေမှာ ရှောင်လာကြတယ်” လို့ ပြောပါတယ်။

မူဆယ်မြို့ပေါ် စွမ်စော် အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ အယောက် ၁၂၀၊ စွမ်စော် KBC ဘုရားကျောင်းမှာ ၅၃ ဦး၊ ဟိုနားဘုန်းကြီးကျောင်းမှာ ၁၇၅ ဦး၊ ခရစ်ယာန်ရပ်ကွက် KBC ကျောင်းမှာ ၃၁ ဦး၊ နမ့်စန့်ရွာ ဂိုထောင်မှာ ၁၄၆ ဦး၊ နမ့်စန့် KBC မူကြိုကျောင်းမှာ ၁၂၀ ဦး ရှိပြီး လက်ရှိတော့ အစားအသောက်၊ အခင်း၊ စောင်၊ ခြင်ထောင်တွေ အပ်တယ်လို့ ဆိုပါတယ်။

နမ့်စန့်ရွာဘက်မှ စစ်ဘေးဒုက္ခသည် အမျိုးသမီး ၁ ဦးက “လိုတာကတော့ အစားအသောက်ပေါ့။ တခုတာ့ရှိတယ်။ သမံတလင်းမှာ အိပ်ရတော့ အရမ်းအေးလို့ အိပ်လို့မရဘူး” လို့ ပြောပါတယ်။

ရွာတွေက ရွာလုံးကျွတ် စစ်ဘေးရှောင်ရတာ ဖြစ်ပေမဲ့ တချို့က မူဆယ်၊ နမ့်ခမ်း၊ နမ့်စန့်ရွာ စသဖြင့် နီးစပ်ရွာ ဆွေမျိုးတွေဆီ ရှောင်ကြတာကြောင့် တခြားနေရာရှောင်တာ ဘယ်လောက်ရှိတာတော့ မသိနိုင်ဘူးလို့ သူက ပြောပါတယ်။

တိုက်ပွဲငြိမ်ပြီဖြစ်ပေမဲ့ နှစ်ဖက်အခြေအနေ တင်းမာနေလို့ တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်တဲ့အပြင် အဓိက ရုတ်တရက် လက်နက်ကြီး ကျရောက်ပေါက်ကွဲလာမှာကို ကြောက်တာလို့ ဆိုပါတယ်။

စယ်လန့်ရွာခံ ၁ ဦးက “ဒီမနက် သွားလာလို့တော့ ရပြီ။ အခြေအနေကတော့ တင်းမာဆဲပါပဲ။ စယ်လန့်ရွာထဲမှာလည်း တအာင်းတပ်တေွ စခန်းချထားတယ်။ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

စယ်လန့်ရွာ အကုန်လုံး စစ်ရှောင်ကုန်တော့ လူတွေမရှိကြတော့လို့ သူခိုးရန်လည်း စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ စယ်လန့်ရွာနဲ့ အနီးနား ဝန်းကျင်က နမ္ပတီး၊ နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ်၊ ဆိုင်းခေါင်၊ ဂေါင်ရာ စတဲ့ရွာတွေထဲက ပြည်သူတွေ ရွာလုံးကျွတ် တိုက်ပွဲရှောင်ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013