DVB Logo
Home
မြန်မာသတင်း
ဆန်ရည်ညွှန်းဈေး သတ်မှတ်လိုက်သဖြင့် မှောင်ခိုဈေးကွက်ပေါ်လာပြီး သတ်မှတ်ဈေးတမျိုး၊ ရောင်းဈေးတမျိုး ဖြစ်လာ
DVB
·
August 31, 2023
ဆန်ရည်ညွှန်းဈေး သတ်မှတ်လိုက်သဖြင့် မှောင်ခိုဈေးကွက်ပေါ်လာပြီး သတ်မှတ်ဈေးတမျိုး၊ ရောင်းဈေးတမျိုး ဖြစ်လာ
Donate to DVB

စျေးကွက်အတွင်း ရောင်းချရမယ့် ဆန်စျေးနှုန်းတွေကို စစ်ကောင်စီက ရည်ညွှန်းဈေး ကန့်သတ် သတ်မှတ်လိုက်တာကြောင့် ဆန်စျေးကွက်အတွင်း မှောင်ခိုစျေးတွေနဲ့ အရောင်းအဝယ်တွေ ပြုလုပ်လာကြပြီး သတ်မှတ်ဈေးက တစ်မျိုး၊ ဈေးကွက်အတွင်း လက်လီရောင်းဈေးက တစ်မျိုးဖြစ်နေတယ်လို့ ဆန်လက်လီ လက်ကား ရောင်းချသူတွေထံက သိရပါတယ်။

ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်နဲ့ ဝါးတန်းကုန်စည်ဒိုင်မှာ အဆိုပါသတ်မှတ်‌စျေးတွေအတိုင်း ရောင်းချမှုနည်းပါးပြီး မှောင်ခိုစျေးတွေနဲ့သာ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။

လက်လီစျေးကွက်မှာလည်း ဆန်စျေးကကျဆင်းသွားခြင်းမရှိဘဲ စျေးဖွင့်ရောင်းချမှုတွေ လျော့နည်းသွားတယ်လို့ ဆန် လက်လီ ရောင်း ချသူတွေက ပြောပါတယ်။

ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ် က ဆန်လက်လီ ရောင်းချသူတဦးက “ဆန်စျေးတွေ လျှော့ရောင်းရမယ်ဆိုပြီး စျေးတွေ သတ်မှတ်လိုက်တယ်တော့ကြားတယ်။ ဒါပေမဲ့ အစ်မတို့ ဆန်ဆိုင် တော်တော်များများကတော့ တက်စျေးနဲ့ ဝယ်ထားရတာဖြစ်လို့ စျေးချမရောင်းနိုင်ကြပါဘူး။ စျေးမကျတဲ့အပြင် အခုဆိုရင် ဆန်ဆိုင်တွေက တရားဝင်တောင် စျေးဖွင့် မရောင်းကြတော့ဘူး” လို့ ပြောပါတယ်။

သြဂုတ် ၂၈ ရက်ကစပြီး နယ်ဒေသကစက်ပိုင်တွေ ဆန်ကုန်သည်တွေအနေနဲ့ ရန်ကုန်မြို့က ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်ကို ဆန်တင်ပို့ ရောင်းချရာမှာ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ၁၂၅,၀၀၀ကျပ် ၊ ဧရာဝတီ ပေါ်ဆန်းအုပ်စုဝင် ဆန် တစ်အိတ်ကို ကျပ် (၉၀,၀၀၀) ကနေ (၁၀၀,၀၀၀)ထက် မပိုတဲ့ စျေးနဲ့ ပုံမှန်အတိုင်းပေးပို့ ရောင်းချရမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီက သြဂုတ်လ ၂၅ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားတာပါ။

လက်ရှိ လက်လီစျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ၁၆၀၀၀၀ ကျော်၊ ဧရာဝတီ ပေါ်ဆန်း အမျိုးအစား ဆန်တစ်အိတ်ကို ၁၂၀၀၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

အမည်မဖော်လိုသူ ဝါးတန်းကုန်စည်ဒိုင် တာဝန်ရှိသူတစ်ဦးက “ရည်ညွှန်းဈေးနဲ့ ဆန်ရောင်းချခဲ့တာမျိုးကတော့ အရင်က အစဉ်အလာမရှိခဲ့ဘူး။ စလုပ်တဲ့အခါမှာတော့ အခက်အခဲတော့ ရှိတာပေါ့။ ဆန်ကလည်း အမျိုးအမည်ကလည်း အများကြီးရှိတယ်လေ။ အဲတော့ အရည်အသွေးတွေအပေါ်မှာ မူတည်တယ်။ ဆန်ရဲ့ အမျိုးအစားမူတည်တယ်။ ပေါ်ဆန်းအုပ်စုဆိုပေမဲ့ ပေါ်ဆန်းမှာလည်း ဒေသသုံးလေးမျိုးက ထွက်တဲ့ ဈေးမတူတဲ့ အမျိုးအစားတွေရှိတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ တစ်မျိုးတည်း သတ်မှတ်တဲ့အခါ အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမဲ့ အချိန်တစ်ခုမှာ ဈေးနှုန်းတည်ငြိမ်သွားမယ်လို့ ကျနော်ကတော့ မျှော်မှန်းတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလို ဆန်စျေးထိန်းချုပ် ကန့်သတ်မှုဟာ ပိုက်ဘောမိထားတဲ့ ဆန်စက်ပိုင်တွေနဲ့ လှောင်လက်သမားတွေကို အထိနာစေနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဆန်စပါးလုပ်ငန်းရှင် တစ်ဦးက  “လောလောဆယ် တောင်သူလက်ထဲ စပါးမရှိတော့ဘူး။ ဒီလိုကန့်သတ်လို့ ဆုံးရှုံး နစ်နာမယ်ဆိုရင် စက်ပိုင်နဲ့ လှောင်လက်တွေမှာပဲ အခက်အခဲ ရှိကောင်းရှိနိုင်မယ်။ စိုက်ပျိုးတောင်သူအပေါ် သက်ရောက်မှုမရှိဘူး။ ပြီးတော့ စားသုံးသူတွေ သက်သာတဲ့စျေးနဲ့ ဝယ်ယူနိုင်ဖို့ ဆောင်ရွက်လာတာဖြစ်တဲ့အတွက် ကျနော်တို့လက်ခံသင့်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီက ဆန်စျေးထိန်းညှိနိုင်ဖို့အတွက် လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ပြည်ပ ဆန်တင်ပို့မှုကို လျှော့ချ ကန့်သတ်သွားဖို့ စီစဉ်နေပြီး မကြာမီ မိုးစပါးပေါ်ချိန်ကို ရောက်ရှိတော့မှာဖြစ်လို့ နောက်ပိုင်းမှာ စျေးကျဆင်းနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က  ဦးဆောင်ပြီး အခြေခံလူတန်းစားတွေအတွက် ရန်ကုန်ကမြို့နယ် အသီးသီးမှာ ဧည့်မထ ဆန်တစ်ပြည်ကို ၂၅၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်ယူမှုတွေလည်း မြင့်တက်နေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013