DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေး 
DVB
·
August 30, 2023
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံ၊  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေး 
1 / 5
Donate to DVB

အန်စီအေ အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့  သြဂုတ် ၂၉ ရက်က နေပြည်တော်မှာ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေထဲက ပြင်ဆင်လိုတဲ့ အချက်တချို့ကို ပြင်ဖို့အပါအဝင် ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနေပါတယ်။

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ဩဂုတ် ၂၉ ရက် မနက်က အန်စီအေလက်မှတ်ရေးထိုးတဲ့  ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် သတင်းရင်းမြစ်တဦးက “မနေ့က ကနဦးဆွေးနွေးကြတာပေါ့နော်။ အဓိက ဘာတွေ ဆွေးနွေးလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ရမယ့် အချက်တွေ၊ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့၊ ဖွဲ့စည်းပုံပြင်ဖို့ ကော်မတီဖွဲ့ဖို့ကိစ္စတွေ ဆွေးနွေးကြတယ်။ ဒီနေ့ ဘာတွေထပ်ပြီးဆွေးနွေးမလဲ မသိဘူး”လို့ ပြောပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဖြားတန်ခွန်ဥက္ကာက ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီနောက် NSPNC နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့တို့ရဲ့ အလုပ်အဖွဲ့တို့ သဘောတူညီခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်လိုသည့်ပုဒ်မတွေ၊ လေ့လာဆန်းစစ်ဖော်ထုတ်ပြုစုရေးအဖွဲ့က ပြင်ဆင်သင့်တယ်လို့ သုံးသပ်ယူဆတဲ့ ပုဒ်မတွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စတွေ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နေပြည်တော်မှာ အကြိမ်ကြိမ်တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ အပါအဝင် ဆွေးနွေးနေပေမဲ့ အချိန် ၂ နှစ်ကျော်ကြာလာတဲ့တိုင် သိသာထင်ရှားတဲ့ ရလဒ် တခုမှ ထွက်မလာသေးပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စစ်ကောင်စီက တဖက်မှာ ဆွေးနွေးနေတယ်ဆိုပေမဲ့  တဖက်မှာတော့ နောင် အနာဂတ်ပေါ်လာမယ့် လွှတ်တော်ကနေပဲ ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောနေပြန်ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကျင်းပစဉ်ကာလတွေတုန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ အပါအဝင် အရေးပါတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီတွေက ကြိုးစားခဲ့ကြဖူးပေမဲ့ စစ်တပ်က အမျိုးမျိုးကန့်ကွက် တားဆီးခဲ့တာဖြစ်ပါတယ်။

အခုနေပြည်တော်မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီးမင်းနိုင်တို့ တက်ရောက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)  ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ကေအန်ယူခွဲထွက်အဖွဲ့ငယ်လေးတဖွဲ့ဖြစ်တဲ့ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဒုဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ကွပ်ကဲရေးမှူး စောဘညိမ်းအောင်တို့ တက်ရောက်ပါတယ်။

ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ်  ဩဂုတ် ၃၀ ရက် ဒီကနေ့ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ ဆက်လက် ကျင်းပနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013