DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် ရဲဌာနက  ၂ နှစ်အတွင်း ရဲစခန်း ၈ ခုဖွင့်လှစ်၊ အမှုပေါင်း ၃၆၀ ကျော် အရေးယူ
DVB
·
August 28, 2023
ကရင်နီပြည် ရဲဌာနက  ၂ နှစ်အတွင်း ရဲစခန်း ၈ ခုဖွင့်လှစ်၊ အမှုပေါင်း ၃၆၀ ကျော် အရေးယူ
Donate to DVB

ကရင်နီပြည်ရဲဌာန စတင်ဖွဲ့စည်းချိန်ကစပြီး ဒီကနေ့ ဩဂုတ် ၂၈ အထိ ၂ နှစ်တာကာလအတွင်း ရဲစခန်း ၈ ခုနဲ့ လုံခြုံရေးရဲကင်း ၄ ခု ဖွင့်လှစ်ကာ ကရင်နီပြည်သူတွေကို တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့  တခြားဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေကာ  အမှုပေါင်း ၃၆၂ မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အရေးယူခဲ့တဲ့ အမှုတွေထဲမှာ အထူးသဖြင့် မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီသတင်းပေးမှုတွေ ပါဝင်တယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ရဲ ပြောခွင့်ရသူ ကိုဘိုဘိုက “ ဒုတိယ တနှစ်တာကတော့ ကျနော်တို့က ရဲစခန်းကတော့ တခုထပ်ပြီးတော့ တိုးချဲ့ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ ကျနော်တို့ ရဲတပ်သားသစ်သင်တန်း၊ အခြေခံရဲသင်တန်း ၂ ပတ်စဉ် ဖွင့်ခဲ့တယ်။ အဲဒီ ၂ ပတ်စဉ်မှာဆိုလို့ရှိရင် အမျိုးသမီးပါဝင်မှုက ၃၅ ရာခိုင်နှုန်းအထိ ရှိလာတယ်ပေါ့နော်။ ပြီးတော့မှ ကျနော်တို့ ဒီနှစ်အတွင်းမှာ ကရင်နီပြည်ရဲ လမ်းညွှန်ကိုလည်း ကျနော်တို့ ရေးဆွဲနိုင်ခဲ့တယ်။ ပြီးတော့မှ ဥပဒေမူကြမ်းကိုလည်း ကျနော်တို့ ရေးဆွဲတယ်ပေါ့နော်။ ဥပဒေမူကြမ်းနဲ့ ရဲလမ်းညွှန်တွေကို အခု အတည်ပြုဖို့လုပ်နေပြီ။ အရင်တုန်းကလည်းရှိပါတယ်။ ဒါပေမဲ့ အခု update အနေနဲ့ ထပ်လုပ်တာပေါ့။ ပြီးတော့ အခုလက်ရှိအချိန်ကာလနဲ့ ကိုက်ညီတဲ့ဟာကို ကျနော်တို့ ထပ်ရေးဆွဲနိုင်တယ်”လို့ ပြောပါတယ်။

မွမ်းမံသင်တန်းတွေ ဖွင့်တာ၊ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရက်တစ် ရဲတပ်ဖွဲ့တွေမှာ အတွေ့အကြုံရှိပြီးသား ရဲတွေနဲ့ တွေ့ဆုံဆွေးနွေး လေ့လာသင်ယူတာနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ တရားရေးဝန်ကြီးဌာနတွေ ပေါ်လာပြီဖြစ်လို့ အမှုတွေကို တရားစွဲတင်တာ၊ တရားသူကြီးက ဆုံးဖြတ်ချက် အမိန့်ချမှတ်ပြီးတာနဲ့ တရားခံတွေကို  အကျဉ်းထောင်ကို ပို့တာတွေ လုပ်ဆောင်နေပြီလို့လည်း ပြောပါတယ်။

ဒါ့အပြင် ၂၀၂၁ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီကနေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ၂၀၂၃ ခုမတ်လ ၁၁ ရက်က ပင်လောင်မြို့နယ် နမ်းနိမ်ကျေးရွာ ဘုန်းကြီးကျောင်းမှာဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်မှုတွေကို ကရင်နီပြည်ရဲဌာနမှ စုံစမ်းစစ်ဆေးပြီး အန်ယူဂျီ လူ့အခွင့်အရေးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်တာ၊ နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပမီဒီယာတွေကို ချပြနိုင်ခိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေတဲ့ အခြေအနေကို ပြန်လည် လုပ်ဆောင်နေရမှာ အခက်အခဲတွေ ရှိသလို ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း ကရင်နီပြည်ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပေါ့။ ဒီအာဏာသိမ်းပြီး နောက်ပိုင်း ယိုယွင်းပျက်စီးသွားတဲ့ တရားဥပဒေစိုးမိုးရေးကို ကျနော်တို့က ပြန်လည်ထိန်းညှိပေးရတာပေါ့နော်။ အဲဒီနေရာမှာ ကျနော်တို့က ဥပမာပြောရရင် ကျနော်တို့ ဒီဘက်ပိုင်းမှာ မူးယစ်ဆေးဝါးမှုတွေ တအားများတဲ့အတွက် ကျနော်တို့က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲတွေ လိုက်လုပ်ရတယ်။ အဲဒါမှ ကလေးတွေက မူးယစ်ဆေးဝါး မကောင်းဘူးဆိုတာ သိပြီးတော့မှ သူတို့ကိုယ်တိုင် ရှောင်နိုင်အောင်လို့ပေါ့နော်။ အဲဒီလိုပုံစံ လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ ဘတ်ဂျက် ဘဏ္ဍာရေး အကန့်အသတ်ဖြစ်နေတဲ့အတွက် ကျနော်တို့ လုပ်သင့်သလောက် မလုပ်နိုင်ဘူးပေါ့နော်။ တခါတလေကျရင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တကယ့်အသေးစားလေးတွေတောင် ကျနော်တို့ မထောက်ပံ့နိုင်တာတွေရှိတယ်။ ကျနော်တို့ ရဲစခန်းတခုစီတောင် ကွန်ပျူတာတလုံးလောက် မရှိဘူးပေါ့နော်။ ပြောရရင်မယ်ဆိုရင် ကျနော်တို့ဘဏ္ဍာရေးပိုင်းမှာ အများကြီး စိန်ခေါ်မှုတွေ ကြုံနေရတာပေါ့နော်။ ပြီးတော့မှ ကြားကာလဖြစ်တာက တကြောင်း၊ ကျနော်တို့ နယ်မြေလွှမ်းမိုးမှုတွေကလည်း အခုတော်တော်ကျယ်လာတာနဲ့အတူ လိုက်ပြီးတော့ ရဲစခန်းတွေကို လိုက်ပြီး‌ဆောက်လုပ်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။”

စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲတပ်ဖွဲ့ဝင် ၃၂၀ ပါဝင်တဲ့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ကို ၂၀၂၁ ခု ဩဂုတ် ၂၅ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ဟာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဘဝလုံခြုံရေးအတွက် အမှန်တကယ် စောင့်ရှောက်သွားဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်ရဲတွေ စွမ်းရည်ပြည့်ဝထက်မြက်စေရေးနဲ့ ဒီမိုကရက်တစ်ရဲ ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက်စေရေး လေ့ကျင့်ရေးဌာနမှ နိုင်ငံတကာရှိ ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး ပညာသင်ယူနေသလို နယ်မြေရဲစခန်းတွေကိုလည် သွားရောက်ကာ အဖွဲ့ဝင်တွေဆီ ပြန်လည် သင်ကြားပို့ချနေကြောင်းလည်း KSP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013