အီတလီနည်းပြဟောင်း မန်စီနီကို ဆော်ဒီလက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့တယ်လို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က သြဂုတ် ၂၈ ရက်မှာ တရားဝင်ကြေညာပါတယ်။
မန်စီနီဟာ ဆော်ဒီလက်ရွေးစင်အသင်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တနှစ်လုပ်ခ ယူရို သန်း ၃၀ သန်းရရှိသွားမှာဖြစ်တဲ့အတွက် ကမ္ဘာ့လုပ်အားခအများဆုံးနည်းပြဖြစ်သွားမယ်လို့ နာမည်ကျော် သတင်းထောက် ဖေဘရီဇီယိုရိုမာနိုက ပြောကြားခဲ့ပါတယ်။
ဆော်ဒီနည်းပြအသစ်မန်စီနီက “အာရှမှာ ဘောလုံးရေပန်းစားမှုနဲ့အတူ နိုင်ငံအသစ်တခုမှာ အတွေ့အကြုံရဖို့ ကျနော့်အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတခုပါ။ ဆော်ဒီပရိုလိဒ်မှာ ထိပ်တန်းကစားသမားတွေ ရှိနေတာက နိုင်ငံဘောလုံးအခင်းအကျင်းမှာ တိုးတက်မှုအလားအလာကို ညွန်ပြနေပါတယ်" လို့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။
မန်စီနီဟာ သြဂုတ် ၁၃ ရက်နေ့ကမှ အီတလီလက်ရွေးစင်နည်းပြရာထူးမှ နုတ်ထွက်ခဲ့တာဖြစ်ပြီး ၁၅ ရက်အကြာမှာ ဆော်ဒီလက်ရွေးစင်နည်းပြရာထူးကို လက်ခံခဲ့ပါတယ်။
ရော်ဘတ်တိုမန်စီနီဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ၃၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို ယူရို ၂၀၂၀ ဖလားနဲ့ ၂၀၂၃ နေရှင်းနယ်လိဂ် တတိယဆုတို့ကို ရရှိခဲ့ပါတယ်။
မန်စီနီဟာ ၂၀၁၂ တုန်းကလည်း မန်စီးတီးကို ၄၅ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူပေးခဲ့ပါတယ်။
မန်စီနီရဲ့ ဆော်ဒီလက်ရွေးစင်နည်းပြ ပထမဆုံးပွဲဦးထွက်ကို ဗြိတိန်မှာ ကစားသွားမယ့် မြောက်အမေရိက ကော်စတာရီကာလက်ရွေးအသင်းနဲ့ ပွဲဖြစ်ပါတယ်။
Photo. Roberto Mancini Facebook