DVB Logo
Home
မြန်မာသတင်း
သံရုံးယာယီတာဝန်ခံကို မြန်မာပြည်မှ နှင်ထုတ်မှု တီမောအစိုးရရှုတ်ချ၊ ဥပဒေမဲ့ပြုကျင့်မှုဖြစ်ဟု NUG တုံ့ပြန်
DVB
·
August 28, 2023
သံရုံးယာယီတာဝန်ခံကို မြန်မာပြည်မှ နှင်ထုတ်မှု တီမောအစိုးရရှုတ်ချ၊ ဥပဒေမဲ့ပြုကျင့်မှုဖြစ်ဟု NUG တုံ့ပြန်
Donate to DVB

အရှေ့တီမောသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေ နှင်ထုတ်လိုက်တာဟာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီရဲ့  ပြုမူနေကျဖြစ်တဲ့ မလျော်ကန်တဲ့ ဥပဒေမဲ့ပြုကျင့်မှုသာ ဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ( NUG) က ကြေညာပါတယ်။

တီမောလက်စတေး(အရှေ့တီမော) သံရုံးယာယီတာဝန်ခံကို စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ မြန်မာပြည်ကနေထွက်သွားဖို့ စစ်ကောင်စီက နှင်ထုတ်လိုက်တာနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၈ ရက် ဒီနေ့မနက် ထုတ်ပြန်လိုက်တာပါ။ 

နိုင်ငံတော်ရဲ့အာဏာကို ဥပဒေဘောင်ပြင်ပမှ လက်နက်အားကိုးနဲ့ အဓမ္မ ရယူထားတဲ့ တရားမဝင် အဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်တွေအပေါ်  ဆုံးဖြတ် ဆောင်ရွက်ခွင့်မရှိကြောင်း၊ နိုင်ငံတော်နဲ့ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး ကိစ္စရပ်တွေအပေါ် ဆုံးဖြတ်ဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာဟာ မြန်မာပြည်သူလူထုနဲ့ သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့  တရားဝင်အစိုးရမှာသာ  တည်ရှိတယ်လို့ NUG ကပြောပါတယ်။

ဒီမိုကရေစီ အခြေခံမူဝါဒတွေ၊ စံနှုန်းတွေ၊  တရားဥပဒေစိုးမိုးမှုနဲ့ လူသားဂုဏ်သိက္ခာ တို့ကို တန်ဖိုးထားတဲ့ တီမောလက်စတေးနိုင်ငံရဲ့ ရပ်တည်ချက်ကို အထူးလေးစား ကျေးဇူးတင်ပြီး အများ စံနမူနာထားသင့်တဲ့ ရပ်တည်ချက်ဖြစ်‌တယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တီမောလက်စတေးနိုင်ငံရဲ့  မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံတဲ့ ရပ်တည်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူလူထုရဲ့ နှလုံးသားထဲမှာ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမှာဖြစ်တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း အရှေ့တီမောလိုပဲ မြန်မာလူထုနဲ့ အတူရပ်တည်ပေးကာ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်း ပြန်လည်ရောက်ရှိရေး ကူညီပံ့ပိုးမှုပေးဖို့ NUG က မေတ္တာရပ်ခံထားပါတယ်။

အရှေ့တီမောအစိုးရကလည်း အခုလို သံတမန်ကို နှင်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ အတူ သွေးစည်းညီညွတ်စွာ ရပ်တည်တယ်လို့  ပြန်လည်တုံ့ပြန် ကြေညာ ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရရေးကြိုးပမ်းမှုတွေအားလုံးကို အားပေးထောက်ခံဖို့ အရှေ့ တီမောအနေနဲ့ အာဆီယံနဲ့ ကုလသမဂ္ဂတို့နဲ့အတူရပ်တည်ကြောင်း၊ စစ်အာဏာရှင်အနေနဲ့ လူ့အခွင့်အရေးကိုလေးစားဖို့နဲ့  ပဋိပက္ခကို ငြိမ်းချမ်းပြီး အပြုသဘော အဖြေရှာဖို့ ၊ အရှေ့တီမော အပါအဝင်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  မြန်မာပြည်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ ဆက်လက် တောင်းဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ဒေသတွင်းမှာ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေပြန်ရရေး အင်အားစုတွေနဲ့ ပူးပေါင်းဖို့လည်း အရှေ့တီမောနိုင်ငံကတိုက်တွန်း လိုက်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအနေနဲ့ ၊ စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ  မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဩဂုတ် ၂၅ ရက်မှာ  သံတမန်စာနဲ့ ပေးဖို့ အကြောင်းကြားထားတာဖြစ်ပါတယ်၊၊

တီမောလက်စ်တေစိုးရဟာ သတိပေးပြောကြားမှုတွေ ပြုလုပ်နေတဲ့ကြားက NUG နဲ့ ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့ကြောင်း၊ တီမောလက်စ်တေအစိုးရရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို ထိခိုက်စေရုံမက NUG ကျူးလွန်တဲ့ အကြမ်းဖက်ဆောင်ရွက်ချက်တွေကို ပိုမို လုပ်ဆောင်စေဖို့ အားပေးအားမြှောက်ပြုရာရောက် ကြောင်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနဲ့ မကိုက်ညီတဲ့ တီမောလက်စ်တေ အစိုးရရဲ့ ပြောကြားချက်နဲ့ လုပ်ဆောင်ချက်တွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်ထားပါတယ်၊၊

အရှေ့တီမောနိုင်ငံဟာ NUG အစိုးရကို အသိအမှတ်ပြုကြောင်း တရားဝင်ကြေညာထားပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဖွဲ့တွေကိုလည်း အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၂ ရက်နေ့က အရှေ့တီမောနိုင်ငံရဲ့ သမ္မတ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။

၁၉၉၉ ခုနှစ်ကမှ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာတဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ မဖြစ်သေးပေမဲ့ ၂၀၂၂ ခုနှစ်မှာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးဖို့ မူအားဖြင့် သဘောတူညီမှုရရှိထားပါတယ်။

PHOTO-NUG

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013