
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ဂျက်ခ်ဆင်ဗီးလ်မြို့ရဲ့ ဒေါ်လာဂျန်နရယ်စတိုးဆိုင်မှာ သေနတ်သမား လူဖြူ ၁ ဦးရဲ့ ပစ်ခတ်မှုကြောင့် လူမည်း ၃ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အင်အားပြင်း ရိုင်ဖယ် တလက်နဲ့ သေနတ်အတို တလက် ကိုင်ဆောင်ထားတဲ့ ဒီတရားခံဟာ မိမိကိုယ်ကို ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့ကတော့ ဒါဟာ လူမျိုးရေးခွဲခြားတဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း " ဒီပစ်ခတ်မှုဟာ လူမျိုးရေးအရ လှုံဆော်မှုဖြစ်သလို လူမဲတွေ ကို လည်း မုန်းတီးသူပါ" ဆိုပြီး ဂျက်ခ်ဆင်ဗီးလ်မြို့ရဲ့ ရဲအရာရှိ တဦးဖြစ်သူ တီကေ ဝါးတားစ်က မှတ်ချက် ပေးပါတယ်။
ဒါ့အပြင် သံသယရှိသူဟာ ကျည်ကာအင်္ကျီ ဝတ်ဆင်ထားတဲ့ လူဖြူအမျိုးသား တဦးဖြစ်ပြီး ဘယ်သူလဲ ဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် သေဆုံးခဲ့ရတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကတော့ လူမည်းတွေချည်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီပစ်ခတ်မှုကို သေနတ်သမား တဦးတည်း လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဝါးတားစ် က ဖြည့်စွက်ပြောပါတယ်။
လူမည်းတွေအပေါ် အမုန်းတရားနဲ့ ပက်သက်ပြီး အသေးစိတ်ဖော်ပြထားတဲ့ "ကြေညာချက်များစွာ" ကိုပါ မိဘတွေ၊ မီဒီယာတွေနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေအတွက် ဒီတရားခံက ရေးသားခဲ့တယ်လို့ ဆိုပါတယ်။
ဒီသေနတ်သမား ကိုင်ဆောင်ခဲ့တဲ့ လက်နက်တွေဟာ "AR-15 ပုံစံ" ရိုင်ဖယ် တလက်နဲ့ ဂလော့ခ် ပစ္စတို တလက်တို့ ပါဝင်တယ်လို့ သိရပါတယ်။
FBI ကတော့ အရပ်သားအခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တရပ် ဖွင့်လှစ်ခဲ့တဲ့အပြင် ဒီဖြစ်ရပ် ကိုပါ အမုန်းတရားအပေါ် အခြေခံတဲ့အမှုအဖြစ် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။










