DVB Logo
Home
Lead Story
ယူဂျင်နီ ပရီဂိုရှင် သေဆုံးမှု
DVB
·
August 27, 2023
Donate to DVB

ယူဂျင်နီပရီဂိုရှင် သေဆုံးသွားပြီဆိုသော သတင်းကြောင့် ပူတင်၏အာဏာ ခိုင်မြဲသွားစေခဲ့သည်မှာ မှန်သော်လည်း ရုရှားသည် မာဖီယားတို့အုပ်ချုပ်နေသည်ဆိုခြင်းကို ထပ်၍ သက်သေပြလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “အချို့သော ဟင်းလျာများသည် အေးမှ စားကောင်းသည်” ဟု ယူဆပြီး အချိန်ကောင်းကို စောင့်တတ်သော လူမျိုးလည်းဖြစ်သည်။ ဇွန်လအတွင်း ၎င်းအား ပုန်ကန်ခဲ့သူ ပရီဂိုရှင်အား ပူတင်သည် ဒီအတိုင်း ကြည့်နေမည်မဟုတ်ဟု စီအိုင်အေ အကြီးအကဲ ဘီလ်ဘန်းမှ ပြီးခဲ့သည့် နှစ်လကပင် ပြောဆိုခဲ့ပြီး ဖြစ်သည်။

ဘီလ်ဘန်း ခန့်မှန်းခဲ့သည့် နှစ်လတင်းတင်းပြည့်သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဝဂ္ဂနာ ကြေးစားတပ် ခေါင်းဆောင် ပရီဂိုရှင်၏ ဂျက်လေယာဉ်သည် မြေပြင်သို့ ထိုးစိုက်ဆင်းသွားခဲ့ရပြီ ဖြစ်သည်။

၎င်း၏ အမ်ဘရီယား ဂျက်လေယာဉ်သည် မော်စကိုမှ စိန့်ပီတာစဘတ်သို့ အသွားပျံတက်အပြီး နာရီဝက်အကြာ ပေ ၃၀,၀၀၀ အမြင့်သို့ ရောက်လုဆဲဆဲတွင် မော်စကိုအနီး တီဗားဒေသအတွင်း ရုတ်ခြည်းဆိုသလို မြေပြင်သို့ ထိုးဆင်းသွားခဲ့သည်။ လေယာဉ်တွင် လိုက်ပါလာသူ ဆယ်ဦးစလုံး သေဆုံးသွားခဲ့သည်။

ထိုအထဲတွင် ပရီဂိုရှင် ပါသွားခဲ့သည်ဟု ရုရှားလေကြောင်းဌာနနှင့် အစိုးရမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းနှင့်အတူ ဇွန်လအတွင်း မော်စကိုသို့  ပုန်ကန်ရန် ချီတက်လာသည့် ဝဂ္ဂနာစစ်ကြောင်းမှူး ဒမီထရီ အုတကင်လည်း ပါနေသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးပေ။ မျက်မြင်သက်သေများကမူ ပျက်မကျမီ ပေါက်ကွဲသံကြီး ကြားခဲ့ရသည်ဟု ပြောဆိုနေကြ၍ မော်စကိုလေကြောင်းကာကွယ်ရေးတပ်မှ ပစ်ချခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ မတော်တဆမှုလည်း ဖြစ်နိုင်ခြေ ရှိနေသည်။

ယူကရိန်းသည် မေလ ၃ ရက်နေ့မှစ၍ မော်စကိုနှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် ဒရုန်းဖြင့် ၁၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့် ၇ ရက်လုံးလုံးလည်း ညတိုင်းလို တိုက်ခိုက်နေခဲ့သည်။ ထို့အတွက် လေကြောင်းကာကွယ်ရေးတပ်များအဖို့ ဂနာမငြိမ်ဖြစ်လာနိုင်သည်။ သို့သော် ရုရှားရေဒါ အော်ပရေတာများအဖို့ ဒရုန်းနှင့် ဂျက်လေယာဉ်အား ခွဲခြား နိုင်စွမ်းမရှိဆိုသည်မှာလည်း ဖြစ်နိုင်ခြေ မရှိလှပြန်ပေ။

ပူတင်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိက်ဂူတို့ နှစ်ဦးစလုံးက ပရီဂိုရှင်အား သေစေချင်နေကြသည်ဟု ယူကရိန်း ထောက်လှမ်းရေးသတင်းရပ်ကွက်များက ဆိုသည်။  ထိုကဲ့သို့သော စစ်ဆင်ရေးမျိုးသည် ပူတင် အမိန့်မပေးဘဲ မည်သို့မျှ မဖြစ်နိုင်ပေ။

အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က “ဘာတွေ ဖြစ်ခဲ့သည်ကို အတိအကျ မသိရသော်လည်း အံ့ဩခြင်းတော့မဖြစ်မိ၊ ပူတင် နောက်ကွယ်က မပါဘဲ ရုရှားတွင် ဖြစ်ပျက်ခဲ့သည် ဟူ၍ များများစားစား မရှိလှ” ဟု မှတ်ချက်ချခဲ့သည်။

ပရီဂိုရှင် သေဆုံးခဲ့မှုသည် ယူကရိန်းစစ်မျက်နှာအတွက် သက်ရောက်နိုင်မှု မရှိလှသော်လည်း ဝဂ္ဂနာအဖွဲ့ ရှိနေသည့် အာဖရိကတွင်တော့ မ‌ရေရာမှုများနှင့် ပြည့်နှက်လာခဲ့ရပြီ ဖြစ်သည်။ အာဖရိက ခေါင်းဆောင်များသည် အကာအကွယ်တရပ်အဖြစ် အင်အားပြဖို့လိုနေ၍ ဝဂ္ဂနာတပ်များကို ရှိနေစေချင်ကြသည်။

ပရီဂိုရှင်သည် မကြာ‌‌သေးမီက အာဖရိကတွင် ရှိနေခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ သူသည် ရုရှား စစ်ထောက်လှမ်းရေး GRU မှ ဝဂ္ဂနာ တပ်များအား အာဖရိကမှ မောင်းထုတ်ရန် ကြိုးပမ်းနေမှုအား ဟန့်တားရန် ရောက်နေခဲ့ခြင်း ဖြစ်သည်။

အကြီးမားဆုံး ဂယက်ရိုက်ခံရဖို့ ရှိနေသည်က ရုရှားနိုင်ငံအတွင်းတွင် ဖြစ်သည်။ အကယ်၍ ပရီဂိုရှင်အား ပူတင်၏ အမိန့်နှင့် သတ်ဖြတ်ခဲ့သည်ဆိုလျှင် ပူတင်အား တရားဥပ‌ဒေနှင့် လုပ်ထုံးလုပ်နည်းများကို မျက်ကွယ်ပြုကာ ရန်ငြိုးထား လက်စားချေတတ်သူအဖြစ် ရှုမြင်လာကြမည် ဖြစ်သည်။

ယခင်ကလည်း ပူတင်၏ ရန်သူများသည် ထူးထူးဆန်းဆန်း တိုက်ခိုက်လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ရသည်ချည်းပင် ဖြစ်သည်။ လက်ဖက်ရည်ခွက်ထဲ ရေဒီယို အိုင်ဆိုတုတ်များ ခပ်ထည့်ခဲ့ခြင်း၊ တံခါးလက်ကိုင်နှင့် အောက်ခံဘောင်းဘီထဲ အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ဓာတ်ငွေ့များ ထည့်ထားခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အတိုက်အခံများအား ကြောက်ရွံ့အောင် လုပ်ခဲ့ကြသည်။

သို့သော် ထိုလုပ်ရပ်များကြောင့် ရုရှားသည် ပုံမှန်နိုင်ငံမျိုး မဟုတ်တော့ဘဲ လူတဦးတယောက်၏ စိတ်ထင်သလို အငြိုးအတေးများနှင့် ဖြေရှင်းနေမှုကို ပံ့ပိုးပေးနေရသည့် မာဖီးယားနိုင်ငံကြီးအဖြစ် ယူဆခံ‌နေရပြီ ဖြစ်သည်။

ပရီဂိုရှင်၏ သေဆုံးမှုကြောင့် ပူတင်၏ အာဏာပို၍ ခိုင်မြဲလာနိုင်စရာရှိသော်လည်း တဖက်တွင် ပရီဂိုရှင် ပြောခဲ့သည်များသည် အမှန်တွေဖြစ်နိုင်ကြောင်း သူ့အား ထောက်ခံနေသူများအကြား ထင်မြင်လာနိုင်ပေသည်။

ပရီဂိုရှင်၏ အမ်ဘရီယားလေယာဉ်ကြီး ပျက်ကျသွားချိန်တွင် ပူတင်သည် ကပ်စ်မြို့တွင် လွန်ခဲ့သော နှစ်ပေါင်း ၈၀ က ဂျာမန်ကျုးကျော်သူများအပေါ် ဆိုဗီယက်တပ်များ အောင်ပွဲခံခဲ့သည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောနေချိန်လည်း ဖြစ်သည်။

ထိုလေယာဉ်ပျက်ကျမှုသည် လေယာဉ်မောင်း၏ အမှား သို့မဟုတ်ကလည်း လေယာဉ်အတွင်း တခုခု မှားယွင်းမှုဟု ရုရှားလူထုအား သတင်းထုတ်ပြန်နိုင်ဖွယ်ရှိ နေသော်လည်း ရုရှားတွင် မည်သည့်အရာကိုမျှ အမှန်ကိုအမှန်တိုင်း သိခွင့်ရလိမ့်မည်ဟု လူထုက မျှော်လင့်မထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ 

နယူးယောက်တိုင်းမ် သတင်းစာကြီး၏ အဆိုအရ လေယာဉ်သည် အတွင်းတွင် ပေါက်ကွဲမှု ဖြစ်၍ဟု အမေရိကန်အစိုးရ အရာရှိများက ယုံကြည်‌‌လျက် ရှိသည်၊ သို့သော် ဝဂ္ဂနာအဖွဲ့နှင့် ရုရှား အစိုးရကမူ လေယာဉ်ပေါ်တွင် ပရီဂိုရှင် လိုက်ပါသွားခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြုသေးဟု သိရသည်။ 

သို့သော် ပူတင်ကမူ “ထိုပုဂ္ဂိုလ်သည် ဘဝတွင် ဆိုးဆိုးရွားရွား အမှားအချို့ကို ကျူးလွန်ခဲ့သော်လည်း တကယ်တမ်း လိုအပ်နေသည့် ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်” ဟု မရှိတော့သည့် လူများအကြောင်းပြောရာတွင် သုံးစွဲနေကျ past tense ဖြင့် ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရရှိသော သတင်းအရ ပူတင်သည် ပရီဂိုရှင် အပါအဝင် သေဆုံးသွားသူ ဆယ်ဦး၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။

လှစိုးဝေ

(၂၀၂၃ ဩဂုတ်လ ၂၃ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် "Yevgeny Prigozhin’s reported death may consolidate Putin’s power" မှ ကောက်နုတ်တင်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013