
တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ စက်သုံးဆီ (ဓာတ်ဆီ) ဆိုင်ကြီးတချို့မှာတော့ ဆီလာဖြည့်တဲ့ သူတွေကို လိုသလောက် ရောင်းချခြင်းမပြုဘဲ အကန့်အသတ်နဲ့သာ ရောင်းချနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကတည်းက မြိတ်မြို့ ဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီ အပြည့်ဖြည့်ခွင့်မရဘဲ ဆိုင်ကယ်တစီးကို ကျပ် ၃,၀၀၀ ဖို့အထိသာ ဝယ်ထည့်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “မနေ့က ဆီသွားထည့်တာ အယောက်တိုင်းကို ၃,၀၀၀ ဖိုးပဲ ထည့်ပေးတယ်။ ဆိုင်တွေလည်း အဲဒီလောက်ထိပဲ ထည့်ပေးတယ်ပြောပြီး ရောင်းနေတာ” လို့ ပြောပါတယ်။
ဆီဆိုင်ကြီးတွေမှာ မော်တော်ဆိုင်ကယ်တစီးကို ကျပ် ၃,၀၀၀ ဖိုး၊ သုံးဘီးယာဥ်တစီးကို ကျပ် ၃၀,၀၀၀ ဖိုးနဲ့ မော်တော်ယာဥ်တစီးကို ကျပ် ၅၀,၀၀၀ ဖိုးအထိသာ ရောင်းချပေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
သုံးဘီးမောင်းနှင်သူတဦးက “ဖောက်သည်တွေဆိုရင် လိုသလောက် ထည့်ပေးတာလည်း ရှိတယ်။ တချို့ပုဂ္ဂလိကဆီလုပ်ငန်းတွေက ကားလောက်ပဲ ဆီထည့်ပေးတာရှိတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်လာပြီးနောက် ဆီစျေးနှုန်းတွေလည်း တက်လိုက်လာတာဖြစ်ပြီး ဆီစျေးနှုန်း ဒီထပ်ပိုတက်နိုင်လို့ အခုလိုမျိုး အကန့်အသတ်နဲ့ ရောင်းချပြီး ဆီစျေးကို ထိန်းထားတဲ့သဘောမျိုး ဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒေသခံတဦးက “ဆီစျေးတွေ ထပ်တက်လာဖို့ရှိလို့ အရင်ဆုံး ဆီစျေးကို ထိန်းထားတဲ့ သဘောပါ။ အရှေ့နှစ်တွေကလည်း ငွေစျေးတအားတက်လာရင် အကုန်လုံးကို အကန့်အသတ်နဲ့ လုပ်ပစ်တာလေ။ ထပ်တက်မယ့်သဘောရှိလို့ ထိန်းတာမျိုးပါ” လို့ ပြောပါတယ်။
မြိတ်မြို့ စက်သုံးဆီဆိုင်တွေမှာ သြဂုတ်လ အလယ်လောက်က ၉၂ အောက်တိန်းတလီတာကို ၂,၅၆၀ ကျပ်ရှိရာက ဆီစျေးတွေထပ်တက်လာပြီး အခုဆိုရင် ၂,၉၀၀ ကျပ်နှုန်းအထိ တက်လာကာ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ဓာတ်ဆီစျေးနှုန်းမှာ တလီတာကို ၃,၃၀၀ အထိ ရှိနေတယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ကြီး ၇ ဆိုင် ရှိတဲ့အပြင် ရပ်ကွက်အသီးသီးမှာ လက်လီလက်ကား ရောင်းချပေးနေတဲ့ ဆီဆိုင်ပေါင်း ၇၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။











