
အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ အောက်ပိုင်းဘက်ကိုသွားတဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ကလေး-တမူးလမ်းကြောင်းမှာ ဇွန်လလယ်ပိုင်းကစပြီး တိုက်ပွဲတွေ မကြာခဏဖြစ်နေတာ သုံးလနီးပါး ရှိလာပြီဖြစ်ပါတယ်။
သုံးလနီးပါး လမ်းပိတ်နေတာကြောင့် တမူးမြို့မှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် မြို့ခံတွေ အခက်အခဲဖြစ်နေကြပြီး ကလေး-တမူးလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးစေချင်ပြီလို့ တမူးမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
“တမူးမြို့က ချောင်ပိတ်မြို့ဖြစ်နေပြီ။ ကုန်းလမ်းကလည်းပိတ်၊ ရေလမ်းကလည်းပိတ်၊ ကုန်စည်တွေကလည်း ပြတ်လပ်၊ တဖက်နိုင်ငံကလည်း လူမျိုးရေးအခြေအနေတွေနဲ့ ကိုယ့်ထက်တောင်ဆိုးနေတော့ မြို့ခံတွေ တော်တော်ဒုက္ခရောက်ကြတယ်။ ဖြစ်နိုင်ရင်တော့ တမူး-ကလေး လမ်းကြောကို အမြန်ပွင့်စေချင်ပြီ။”
လမ်းကြောပိတ်ပြီး အဝင်လမ်းမရှိတဲ့ တမူးမြို့မှာ ဆန်ဈေး၊ ဆီဈေး ကြီးမြင့်နေသလို စက်သုံးဆီလည်း ဝယ်ယူလို့မရဖြစ်နေကာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကြက်ဥတွေတောင် ရှားပါးလာနေတယ်လို့ ဆိုပါတယ်။
လမ်းကြောပိတ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တမူးမြို့ဒေသခံ PDF အဖွဲ့ဝင်တဦးက “ကျနော်တို့ဘက်က တိုက်ပွဲဖြစ်တဲ့အခါ မသွားဖို့ မေတ္တာရပ်ခံတယ်။ တိုက်ပွဲငြိမ်တဲ့အခါ သွားခွင့်ပြုတယ်။ စစ်တပ်ဘက်က လမ်းလာတဲ့ကားတွေ ပစ်ခတ်တာတွေလုပ်လို့ မသွားရဲကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
တမူးမြို့ရဲ့ လမ်းကြောင်းပိတ်ဆို့နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တမူးမြို့ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပြီး စန္ဒကူးရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွားရပ်ကွက်၊ မြို့မရပ်ကွက်ဆိုပြီး ရပ်ကွက်လေးခုရှိကာ လူဦးရေ ၆၀,၀၀၀ ဝန်းကျင်နေထိုင်တဲ့ နယ်စပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။