DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်း မြင့်တက်မှု စီးပွားရေးသမားများအပေါ် စစ်ကောင်စီ ပြစ်တင်သည့်အပေါ်  တုံ့ပြန် 
DVB
·
August 23, 2023
ကုန်ဈေးနှုန်း မြင့်တက်မှု စီးပွားရေးသမားများအပေါ် စစ်ကောင်စီ ပြစ်တင်သည့်အပေါ်  တုံ့ပြန် 
Donate to DVB

မြန်မာပြည်တွင်း ကုန်ဈေးနှုန်းတွေ အဆမတန်တက်တာ စီးပွားရေးသမားတွေကြောင့်လို စစ်ကောင်စီက ဝေဖန်အပြစ်တင်တဲ့အပေါ်  ကုန်သည်တွေနဲ့ ပညာရှင်တွေကတော့ စစ်အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပြောဆိုပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာက ဈေးကစားတဲ့ ဝိသမလောဘသားတွေနဲ့  အမြတ်တင်ရောင်းတဲ့ စီးပွားရေးသမား ကုန်သည်တွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ပြောကြားခဲ့တာပါ။

အခြေခံစားသောက်ကုန်တွေသာမကဘဲ တနိုင်ငံလုံးက ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာက စီးပွားရေးသမားတွေကြောင့်ပဲမဟုတ်ဘဲ နည်းစနစ်တကျ မလုပ်ဆောင်နိုင်တဲ့ စစ်ကောင်စီ ဖြစ်တယ်လို့ ကုန်သည် တစ်ယောက်က ပြန်လည်တုံ့ပြန်ပါတယ်။

“ဝိသမလောဘသမားတွေကြောင့် ဖြစ်တယ်ဆိုတာ အတိုင်းအတာတခုထိပဲ မှန်တယ်။ အကုန်လုံးတော့ မမှန်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကိုဗစ်မဖြစ်ခင်က အနေအထားနဲ့၊ ကိုဗစ်ကာလတုန်းက အနေအထားနဲ့၊ ဒီအာဏာသိမ်းပြီး နောက်ပိုင်းအနေအထားနဲ့  ဆိုပြီး ကာလ ၃ ခုကို ခွဲပြီးကြည့်လိုက်တဲ့အနေအထားမှာ ကိုဗစ်မှာတောင်မှ တကမ္ဘာလုံးစီးပွားရေး တနိုင်ငံလုံးစီးပွားရေး ပျက်သွားတဲ့ အနေအထားတောင်မှ ‌ကျနော်တို့ ငွေဈေး ဒေါ်လာဈေးတွေက ဒီလောက်ကြီး ရုပ်ပျက်ဆင်းပျက် မြန်မာနိုင်ငံက မဖြစ်သွားဘူး။ ကျနော်တို့ တိုင်းပြည်မှာ အာဏာသိမ်းပြီး နောက်ပိုင်းမှာမှ ဘယ်သူမှ မြန်မာငွေကို မကိုင်ရဲလောက်အောင်ကို ဖြစ်သွားတယ်။ ဒါပေမဲ့ နိုင်ငံတော်က ချမှတ်တဲ့ ပေါ်လစီတွေ၊ ပြီးတော့ သူတို့ မထိန်းသိမ်းနိုင်တာတွေ ဒီဒေါ်လာတွေ၊ ထုတ်ကုန်သွင်းကုန်တွေအားလုံးက ဗဟိုဘဏ်ကနေ စောင့်ကြည့်တာတွေ နိုင်ငံရဲ့ ငွေစီးဆင်းမှုတွေ တောက်လျှောက်အားလုံးက ဒေတာတွေနဲ့ စနစ်တကျကော်မတီတွေနဲ့ လုပ်ထားတဲ့ ကိစ္စတွေပဲလေ။ အခုဒီလိုဖြစ်တာ ဒီလောက်ကြီးဖြစ်တာ သူတို့ရဲ့ စနက်ပဲ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံက အဓိက လယ်ယာစိုက်ပျိုးရေးကို မှီခိုအားထားနေရတဲ့ တိုင်းပြည်ဖြစ်ပြီး လယ်ယာထွက်ကုန်တွေ ထွက်ရှိတဲ့ အညာဒေသကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေမှုတွေကြောင့် စိုက်ပျိုးတောင်သူတွေက ထွက်ပြေးနေကြရတာပါ။

အခုလို အခြေအနေမှာ စပါးတွေရှားပါးပြီး ဆန်ဈေးတွေ မြင့်တက်လာနေတာလို့ ပညာရှင်တွေက ထောက်ပြပါတယ်။

အခြေခံလိုအပ်ချက်တွေကို ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းနေတဲ့ စစ်ကောင်စီကြောင့် ကုန်ဈေးနှုန်း တွေ အဆမတန်မြင့်တက်လာနေတာလို့ NLD အစိုးရလက်ထက် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဟောင်း ဦးတင့်လွင်က ပြောပါတယ်။

“ဒီဟာက ကုန်ဈေးနှုန်းကို ရောင်းတဲ့သူကို ဈေးချခိုင်းလို့လည်း မရဘူး။ ဒီနေ့ ရောင်းလိုက်တဲ့ပစ္စည်း ဒီနေ့ ဝယ်ထားတဲ့ ပစ္စည်းကို ဒီနေ့ ပေါက်ဈေးနဲ့ မနက်ဖြန် ပြန်ဝယ်လို့ မရဘူးဆိုရင် သူတို့ ရှုံးပြီပေါ့။ ဈေးရောင်းတာက အဓိပ္ပာယ်မရှိတော့ဘူး။ သူ ဝယ်ရတာကိုက ဈေးကတက်နေတာကို။ ဈေးတက်တဲ့ အကြောင်းအရင်းတွေကို ရှင်းမပေးနိုင်ရင် ဈေးက တက်မှာပဲ။ ဈေးတက်တဲ့အကြောင်းအရင်းမှာလည်း အားလုံးသိပြီးသား  နှစ်သောင်းတန် ဂယက်ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ပျက်စီးနေတာ ရှိတယ်။ အုပ်ချုပ်ရေး ပျက်ပြားနေတာ ရှိတယ်။ စသည်ဖြင့် အခြေခံအကြောင်းတရားတွေ၊ အစိုးရက သူတို့ လိုအပ်ချက်ကို ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းနေတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ဒီဟာတွေ အားလုံးက ပြည်တွင်းကို ဂယက်ရိုက်တာ”လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက အခြေခံစားကုန် ဆန်နဲ့ ဆီကို ရည်ညွှန်းဈေးတွေနဲ့ ရောင်းချပေးတာတွေ ရှိနေပေမဲ့ အပြင်ဈေးကွက်ထဲမှာတော့ ရွှေဘို ပေါ်ဆန်း ၂၄ ပြည်တအိတ်က တသိန်းခွဲကျော်နေပြီး ဆန်ကွဲ တပြည်က ကျပ် ၃၂၀၀ ရှိနေပါတယ်။

စားအုန်းဆီတပိဿာကို ဘုရင့်နောင်လက်ကားဈေး ကျပ် ၉၀၀၀ ဆိုပေမဲ့ ပြည်သူတွေကတော့ ၁၁၀၀၀ ကျော် ပေးဝယ်နေရကြရတယ်လို့ ရန်ကုန်က ပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီကတော့ ကုန်ဈေးနှုန်း မြင့်တက်အောင် ဈေးကစားနေသူတွေကို အရေးယူမှာဖြစ်ပြီး အရန်ဆန် တန်ချိန် ၃ ဒသမ ၅ သန်း ကျန်ရှိထားတဲ့အတွက် လာမယ့် နိုဝင်ဘာလအထိ ဆန်ပြတ်လတ်မှာ မပူရဘူးလို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013