DVB Logo
Home
မြန်မာသတင်း
PDF တပ်ရင်းများအတွက် ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ဝေထားဟု NUG ထုတ်ပြန် (ဓာတ်ပုံ)
DVB
·
August 23, 2023
PDF တပ်ရင်းများအတွက် ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ဝေထားဟု NUG ထုတ်ပြန် (ဓာတ်ပုံ)
1 / 4
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းတွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စုစည်းကာ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ကြက် ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။  

ဩဂုတ် ၂၃ ဒီကနေ့ ရက်စွဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပြီး ပို့ဆောင်ထားတဲ့ ဒရုန်းတွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချိရေးတာဝန်တွေကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြကြောင်းနဲ့ PDF ဒရုန်းလက်ရုံးတပ်သားတွေနဲ့ ရန်သူ့တပ်ကို စိတ်ဓာတ်ရေးရာအရ ခြိမ်းခြောက် တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေကို ပြည်သူလူထုသိရှိစေဖို့ တင်ပြလိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက ပြည်သူ့အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

NUG အစိုးရကတော့ ပြီးခဲ့တဲ့ မေ ၃ ရက် အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်တယ်လို့ ပြောထားပြီးတော့ ဒါဟာ လူအင်အား (Man Power) အရ တိုက်ခိုက်ရေးအင်အားဟာ ရန်သူ့ထက် “သာလွန် အင်အား” ဖြစ်အောင် စုဖွဲ့တည်ဆောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မှတ်တမ်းတွေအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက် ထိခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက စတင်ဖွဲ့စည်းပြီး လက်ရှိအချိန်အထိ NUG အစိုးရ စိုးမိုးထိန်းချုပ်နယ် မြေတွေမှာ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ၁၇၁ မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း ၁၀ ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးရုံးတွေနဲ့အတူ ပြည်သူလူထုဘဝလုံခြုံစေဖို့ ရည်ရွယ်ပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့ ကိုလည်း ၂၀၂၂ ဇွန် ၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ကြားကာလအုပ်ချုပ်ရေး နယ်မြေဒေသ တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၉၆ ယောက်နဲ့ အခြေခံရဲသင်တန်းပို့ချတာ၊ ရဲမှုခင်း စစ်ဆေးတာ၊ စစ်ကောင်စီသတင်းတွေ စုဆောင်းပြီး အကြမ်းဖက်နှိမ်နှင်းမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013