
၂၀၂၄ ခုနှစ် မတ်လမှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့် လျှောက်လွှာတွေကို စက်တင်ဘာလထဲမှာ တင်သွင်းရမှာဖြစ်တယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ကြေညာပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစောင်ကို ကျပ် ၂ဝဝ၊ စာမေးပွဲဝင်ကြေး အတွက် ကျပ် ၇ဝဝ တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှာ စက်တင်ဘာ ၁ ရက်က စတင်ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူတွေနဲ့ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။
ပြင်ပဖြေဆိုအနေနဲ့ လျှောက်လွှာတင်သွင်းသူတွေကတော့ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းတွေ ဝယ်ယူပြီး နေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးတွေမှာ စက်တင်ဘာ ၁ ရက်ကနေ ၂၉ ရက်အတွင်း တင်သွင်းကြရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ ရက်တွေအတွင်း အချိန်မီ ပေးပို့နိုင်တာမရှိရင် စာမေးပွဲဖြေဆိုခွင့် ရရှိကြမှာ မဟုတ်ဘဲ စာဖြေသူတင်သွင်းတဲ့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနဲ့ ကတ်ပြားမှာ ဖော်ပြပါရှိတဲ့ ဘာသာတွဲမှအပ တခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။
အရင်နှစ်ကတော့ တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၁၈၀,၀၀၀ လောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀၀,၀၀၀ ကျော် စာမေးပွဲ အောင်မြင်ထားပါတယ်။










