DVB Logo
Home
မြန်မာသတင်း
စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ရန် အတွင်းသတင်းအခိုင်အမာရရှိရေး အထူးအရေးကြီးဟု NUG ယာယီသမ္မတ ပြော
DVB
·
August 22, 2023
စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ရန် အတွင်းသတင်းအခိုင်အမာရရှိရေး အထူးအရေးကြီးဟု NUG ယာယီသမ္မတ ပြော
Donate to DVB

စစ်ရေးမှာ သတင်းလက်ဦးမှု ရယူရေးဟာ အလွန်အရေးကြီးသလို ရန်သူစစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးဟာ အထူးအရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဩဂုတ် ၂၂ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး တော်လှန်ရေးအောင်ပွဲအတွက် စဉ်းစားရမယ့် အခြေခံသဘောတရားတွေထဲမှာ လူထုထောက်ခံမှု ရရှိရေးနဲ့ မဟာမိတ် စုဖွဲ့နိုင်မှုဟာလည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

“ အခုဆိုရင် နွေဦးတော်လှန်ရေးဟာ ၂ နှစ်ကျော် ၃ နှစ်အတွင်းကို ရောက်ရှိပြီဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့အနေနဲ့ အထူးအလေးထားရမယ့် အရေးကိစ္စတွေ ရှိနေပါတယ်။ အဲသည့်ထဲက ပထမဆုံးအချက်ကတော့ လူထုထောက်ခံမှု ဖြစ်ပါတယ်။ လူထုထောက်ခံမှုမရှိတဲ့ တော်လှန်ရေးဟာ အောင်ပွဲမရနိုင်ပါဘူး။ လူထုထောက်ခံမှုကို အစဉ်အမြဲ ရနေဖို့အတွက် ကျနော်တို့ လုပ်ရမှာကတော့ အလုပ်နဲ့ သက်သေပြကြဖို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် ဒုတိယအနေနဲ့ အရေးကြီးတာကတော့ မဟာမိတ်စုဖွဲ့နိုင်မှု ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျနော်တို့ဟာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေခံပြီး စနစ်တကျ တည်ဆောက်ထားပါတယ်။ ဒါကို ပိုပြီး စည်းနှောင်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။ ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ပြောချင်ပါတယ်။”

ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်တခုတည်းကို ကိုင်စွဲ လျှောက်လှမ်းနေတာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေးနည်းကိုလည်း လူထုတိုက်ပွဲ အခြေခံ မဟာဗျူဟာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လျှောက်လှမ်းနေတာဖြစ်ကာ ပြည်သူကို နေ့စဉ် နှိပ်စက်ညှဉ်းဆဲနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ် ထောက်လှမ်းနိုင်မယ့် ထောက်လှမ်းရေးယန္တရားကို NUG အစိုးရအနေနဲ့ အစောပိုင်း ကာလကတည်းက ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဒီထောက်လှမ်းရေးယန္တရားကို ပိုပြီး ခိုင်မာကျစ်လျစ်အောင် စနစ်တကျ တည်ဆောက်ဖို့ လိုပါတယ်။ စစ်ရေးမှာ သတင်းလက်ဦးမှု ရယူရေးဟာ အလွန်အရေးကြီးသလို ရန်သူစစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးဟာ အထူးအရေးကြီးကြောင်း ပြောချင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဒီလို နယ်ပယ်ကဏ္ဍမျိုးမှာ မပေါ့လျော့ဖို့ / စနစ်တကျ ကျစ်လျစ်ခိုင်မာစေဖို့ အထူး လက်တို့သတိပေးတယ်လို့ မှတ်ယူနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်ကဲ့သို့ မှတ်ယူဖို့ လိုပါတယ်။ ဒီသဘောတရားကို ကျနော့်အနေနဲ့ ကနဦးကာလတွေကတည်းက အစိုးရအဖွဲ့ အစည်းအဝေးတွေမှာ ကြိုးကြားကြိုးကြား ပြောကြားခဲ့တာ ရှိပါတယ်။ လူထုတိုက်ပွဲဟာ နိုင်ငံရေးနည်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျှောက်လှမ်းရတဲ့ ဘယ်ဘက်ခြေထောက်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကတော့ စစ်ရေးနည်းအားဖြင့် နက်နက်နဲနဲ့ အသုံးပြုရတဲ့ ညာဘက်ခြေထောက်ဖြစ်ပါတယ်။ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ ဘယ်ခြေနဲ့ ညာခြေကို အညီအညွတ် လျှောက်လှမ်းနိုင်မှ ဖြစ်ပါလိမ့်မယ်။ လူထုတော်လှန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ သီးခြား ဖြစ်တည်နေလို့ မရပါဘူး။ သိမ်မွေ့စွာ ပေါင်းစပ်ဖို့ အထူးလိုအပ်ပါတယ်။ လူထုတိုက်ပွဲဖြစ်တဲ့ နိုင်ငံရေးနည်းနဲ့ ခုခံတော်လှန်စစ်ဖြစ်တဲ့ လက်ကိုင်တိုက်ပွဲဟာ ရန်ဘက်တွေ မဟုတ်ပါဘူး၊ မိတ်ဘက်တွေဖြစ်ကြောင်း နားလည်ဖို့လိုပါတယ်။ လူထုတိုက်ပွဲဟာ စစ်ရေးခုခံမှုကို အထောက်အကူပြုရမှာ ဖြစ်သလို၊ လက်နက်ကိုင်တိုက်ပွဲကလည်း လူထုတော်လှန်ရေးကို အထောက်အကူပြုရမှာ ဖြစ်ပါတယ်။ ဒီလို ပေါင်းစပ်နိုင်မှုဟာ အင်မတန် အရေးကြီးကြောင်း ပြောချင်ပါတယ်။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013