မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အလူးလေးကျေးရွာ၊ သစ်အထပ်သားစက်ရုံအနီးရှိ ရန်ကုန်-မော်လမြိုင် လမ်းမကြီးပေါ်မှာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ခရီးသည်တင် Express ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုစည်းအားမာန် ဘီးလင်းအသင်းက ပြောပါတယ်။
အဆိုပါကားဟာ ရန်ကုန်-ဘားအံ ပြေးဆွဲနေတဲ့ မိဘဂုဏ်ယာဉ်လိုင်းကဖြစ်ပြီး ဘားအံကို ထွက်ခွာလာတဲ့လမ်းမှာ မနက် ၁၁ နာရီလောက်က လမ်းဘေးကို ဘေးစောင်း တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ဘီးလင်းအရေးပေါ်အသင်း တာဝန်ရှိသူက “ကားမှောက်တာကို အဲ့နားက အထပ်သားစက်ရုံက ဖုန်းဆက်ပြောပေးတာ။ ကလေး ၂ ဦးပါတယ်။ လူနာက အားလုံး ၇ ဦးပါ။ ခရီးသည်တွေပဲ ဖြစ်သွားတာ” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးမှာ မျက်ခုံးကွဲ၊ မျက်နှာထိခိုက်ဒဏ်ရာ၊ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၄ ဦးမှာ လက်ခြေထောက် ထိခိုက်ဒဏ်ရာ၊ အသက် ၉ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးနဲ့ မိန်းကလေး ၁ ဦးမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို စုစည်းအားမာန် ဘီးလင်းအသင်း ယာဉ်တွေနဲ့ ဘီးလင်း ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။