Home
မြန်မာသတင်း
ရန်ကုန်မြို့က နောက်ဖေးလမ်းကြားဥယျာဥ်များ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးနေ
DVB
·
August 22, 2023

ရန်ကုန်မြို့လယ်ရှိ နောက်ဖေးလမ်းကြားဥယျာဥ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စည်းကမ်းမဲ့ မှိုက်ပစ်သူတွေကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေပြီလို့ အဲ့ဒီ နောက်ဖေးလမ်းကြားဥယျာဥ်တွေနဲ့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

ဟိုးအရင် နှစ်ပေါင်းများစွာအညစ်အကြေးတွေနဲ့ စွန့်ပစ်ထားတဲ့ ရန်ကုန်မြို့လယ်ရှိ နောက်ဖေးလမ်းကြားတွေကို အန်အယ်လ်ဒီအစိုးရလက်ထက်မှာ  အများပြည်သူတွေ အပန်းဖြေ နားနေနိုင်အောင် နောက်ဖေးလမ်းကြားဥယျာဥ်တွေအဖြစ် ပြုပြင်ပြောင်းလဲထားခဲ့တာ ဖြစ်ပါတယ်။ 

ကိုဗစ်ရောဂါ ပထမလှိုင်းအချိန်မှာတော့  ရပ်ကွက်နေ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ နောက်ဖေးလမ်းကြားဥယာဉ်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယာယီပိတ်သိမ်းခဲ့ပြီး ပြုပြင်ထိန်းသိမ်းမှုတွေ ပုံမှန်ပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပြုပြင်ထိန်းသိမ်းမှုတွေ မရှိတော့ဘဲ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တခုမှ တာဝန်ရှိသူတဦးက “အရင်ကတော့ ၆ လတခါ နောက်ဖေးလမ်းကြားဥယျာဥ်တွေကို သန့်ရှင်းရေးလုပ်တာနဲ့ ပန်းချီရုပ်ပုံတွေကို ဆေးရောင်ပြန်ဖြည့်တာတွေ ပုံမှန်လုပ်ပါတယ်။ ကိုဗစ်ရောဂါ ပထမလှိုင်း စဖြစ်တည်းက နောက်ဖေးလမ်းကြားတွေကို ပိတ်လိုက်တာ။ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်တော့ နောက်ဖေးလမ်းကြားဥယျာဥ်တွေကို ပြုပြင်ဖို့ ​ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ခွင့်ပြုချက်တောင်းပေမဲ့ အကြောင်းမပြန်ခဲ့ပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို စည်းကမ်းမဲ့ အမှိုက်ပစ်တာနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ဖို့ ခက်ခဲနေတာကြောင့် အရင်က နောက်ဖေးလမ်းကြားဥယျာဥ်တွေမှာ ပန်းချီရေးဆွဲခဲ့တဲ့သူတွေ အနေနဲ့လည်း နောက်တကြိမ် ပြန်လည်ရေးဆွဲဖို့ အစီအစဥ် မရှိတော့ဘူးလို့ လူငယ်ပန်းချီဆရာတဦးက ပြောပါတယ်။

“သက်ဆိုင်ရာဘက်က အမှိုက်ပစ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးမယူနိုင်ရင်တော့ ကျနော်တို့အနေနဲ့ နောက်ဖေးလမ်းကြားတွေမှာ အရင်ဆွဲထားတဲ့ပုံတွေကို ဆေးအရောင်ပြန်ဖြည့်တာနဲ့ နောက်ထပ်ပုံတွေထပ်ဆွဲဖို့တော့ မရှိပါဘူး။”

ရန်ကုန်မြို့မှာ နောက်ဖေးလမ်းကြားဥယျာဥ်ပေါင်း ၂၀ ကျော်ရှိပြီး မြို့ပြထိန်းသိမ်းရေးအဖွဲ့ တချို့နဲ့ ရပ်​ကွက်နေ ပြည်သူလူထုတို့ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024